စစ်ကောင်စီစခန်း ရှစ်ဆယ်ဝန်းကျင်ထက်မနည်းသိမ်းပိုက်ခံထားရတဲ့ ရှမ်း-မန်းစစ်ဆင်ရေး

Photo – MDY-PDF/TNLA

ဇူလိုင်၊ ၁၂

ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းထိစပ်ဒေသတွေမှာ ဇွန် ၂၅ရက်က စတင်ခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးဒုတိယလှိုင်းထိုး စစ် တွေအတွင်း စစ်ကောင်စီစခန်း ရှစ်ဆယ်ဝန်းကျင်လောက် သိမ်းပိုက်ခံထားရတယ်လို့ တော်လှန်ရေးအင်အားစု တွေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူး စတဲ့မြို့နယ်တွေကို အဓိက ထိုးစစ်ဆင်ခဲ့တဲ့ ရှမ်း-မန်းစစ်ဆင်ရေး အ တွင်း မတ္တရာနဲ့ စဉ့်ကူးမြို့နယ်နှစ်ခုက စစ်ကောင်စီစခန်း ၃၇ကို MDY-PDF ပူးပေါင်းတပ်က သိမ်းပိုက်ထားပါ တယ်။

MDY-PDF ပူးပေါင်းတပ်တွေဟာ စစ်ဆင်ရေးစတင်ချိန်ကနေ  ဇူလိုင် ၈ရက်အထိ မတ္တရာမြို့နယ်ထဲက စခန်း ၂၅ ခုနဲ့ စဉ့်ကူးမြို့နယ်ထဲက စခန်း ၁၁ခုတို့ကို သိမ်းပိုက်နိုင်ခဲ့သလို မတ္တရာမြို့မြောက်ဘက်က မြောက်တံငါရွာကို လည်းထပ်မံသိမ်းပိုက်ခဲ့တယ်လို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။

မတ္တရာနဲ့စဉ့်ကူးမြို့နယ်တွေအတွင်း သိမ်းပိုက်ခံရတဲ့ စစ်ကောင်စီစခန်းတွေထဲမှာ အင်ကြိုင်မြိုင်လေကြောင်း ရန် ကာကွယ်ရေးတပ်၊ဆည်တော်ကြီးနဲ့ မာလဲဆည်တို့အနီးတဝိုက်တပ်စွဲရာစခန်းတွေအပါအဝင် မန္တလေး-မိုးကုတ် လမ်းပေါ်က ရဲကင်း၊နယ်မြေရဲစခန်း၊ရဲစခန်းနဲ့ စစ်ကောင်စီတပ်စွဲရာနေရာတွေပါဝင်ပါတယ်။

တအာင်းတပ် TNLA ဦးဆောင်တိုက်ခိုက်နေတဲ့ မိုးကုတ်၊နောင်ချို၊ကျောက်မဲနဲ့မိုးမိတ်မြို့နယ်တွေက တိုက်ပွဲတွေ မှာတော့ စုစုပေါင်း စစ်ကောင်စီစခန်း ငါးဆယ်ဝန်းကျင်လောက် သိမ်းပိုက်ခံထားရပါတယ်။

အဲ့ဒီစခန်းတွေထဲမှာ နောင်ချိုမြို့အခြေစိုက် ခမရ ခမရ ၁၁၄၊ ၁၁၅၊ဒုံးတပ်ရင်း ၆၀၆၊ကျပ်ပြင်ရဲစခန်းအပါအဝင် မိုးကုတ်အနောက်ပိုင်းဒေသတခုလုံး၊ကျောက်မဲမြို့ စတဲ့ စစ်ရေးအရ အရေးပါတဲ့ နေရာတွေပါဝင်သလို ဌာန ဆိုင်ရာရုံးတွေလည်း သိမ်းပိုက်ခံထားရပါတယ်။

နောင်ချိုမြို့မှာတော့ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီဒုံးတပ်ရင်းကိုTNLA ပူးပေါင်းတပ်ကဇူလိုင် ၁၀ရက်မှာ သိမ်း ပိုက်နိုင်ခဲ့တာကြောင့် မြို့တွင်းမှာ စစ်ကောင်စီတပ်တွေမကျန်တော့ဘဲ မြို့အရှေ့ဘက် မိုင်အနည်းငယ် အကွာက ဂုတ်ထိပ်နဲ့ ပြင်ဦးလွင်-နောင်ချိုလမ်းပေါ်က သဲခေါ်ရွာတို့မှာတော့ စစ်ကောင်စီနဲ့ တိုက်ပွဲဆက်ဖြစ်နေတာရှိပါ တယ်။

အလားတူ ကျောက်မဲမြို့တွင်းမှာလည်း ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို TNLA ပူးပေါင်းတပ်တွေက စီးနင်းသိမ်း ပိုက်ကာ မြို့ကိုထိန်းချုပ်ထားပါတယ်။မြို့အနောက်မြောက်ဘက် အစပ်မှာရှိတဲ့ ခမရ ၅၀၁နဲ့ ၅၀၂ တပ်ရင်းတွေကို တော့ ဒီကနေ့အထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးပါဘူး။

လက်ရှိမှာ မြို့တွင်းအထိ တိုက်ပွဲဖြစ်နေတဲ့ မိုးမိတ်မြို့နယ်ထဲက စခန်းတချို့ကိုလည်း အခုစစ်ဆင်ရေးအတွင်း TNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပြီးသပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ မိုးမိတ်လမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ ကင်းချောင်းတံတားကိုလည်းသိမ်းပိုက်ကာ လမ်းပိုင်းစိုးမိုးမှုရယူထားနိုင်ပါတယ်။

ဒါ့အပြင် ကိုးကန့်တပ် MNDAA ဦးဆောင်တိုက်ခိုက်နေတဲ့ လားရှိုးတိုက်ပွဲတွေမှာလည်း မဟာမိတ်တပ်တွေက စခန်းတချို့ သိမ်းပိုက်နိုင်ခဲ့တာရှိပြီး MNDAA ကတော့ လားရှိုးတိုက်ပွဲရလဒ်တွေနဲ့ပတ် သက်ပြီး ဒီကနေ့အထိ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

TNLA နဲ့ MDY-PDF တို့ရဲ့ ထုတ်ပြန်ချက်တွေအရတော့ နှစ်ပတ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဆီက အတွဲ လိုက်ပစ်ဒုံး၊လေယာဉ်ပစ်စက်သေနတ်ကြီးတွေနဲ့တခြားလက်နက်ကြီးတွေ ချေမှုန်းရေးရိုင်ဖယ်အများအပြားအပါ အဝင် လက်နက်မျိုးစုံ ၁၂၀၀ ကျော်လောက် သိမ်းပိုက်ရရှိထားတာတွေ့ရပါတယ်။

အဲ့ဒီအထဲက လေယာဉ်ပစ် စက်သေနတ်ကြီးတချို့အပါအဝင် လက်နက်မျိုးစုံ သုံးရာကျော်ကို မတ္တရာနဲ့စဉ့်ကူး တိုက်ပွဲတွေကနေ ရရှိခဲ့တာပါ။

မတ္တရာမြို့နယ် အင်ကြိုင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကနေ ရရှိခဲ့တဲ့ လေယာဉ်ပစ်စက် သေနတ် ကြီးတွေနဲ့ပတ်သက်ပြီး လေ့ကျင်ပြင်ဆင်ပြီးပြီလို့လည်း MDY-PDF ကထုတ်ပြန်ထားပါတယ်။

လက်ရှိအထိ “လ”ဝက်လောက်ကြာပြီဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီလက်အောက် ခံတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင် စုစုပေါင်း လေးရာဝန်းကျင်ကို MDY-PDF နဲ့ TNLA ပူးပေါင်းတပ်တွေက ဖမ်းမိ ထားတယ်လို့လည်း ထုတ်ပြန်ချက်တွေအရသိရပါတယ်။

မတ္တရာနဲ့ စဉ့်ကူးတိုက်ပွဲတွေအတွင်း PDF တပ်ပေါင်းစုက ဖမ်းမိတာ၊လက်နက်ချလာတာစတဲ့ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၁၂၀ဦးရှိပြီး တပ်မိသားစုဝင် ၁၁၇နဲ့ဆိုရင် ၂၄၀နီးပါးကို ထိန်းသိမ်းထားရပါတယ်။

အဲ့ဒီတပ်မိသားစုဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄ ဦးဟာ လေကြောင်းရန်ကာကွယ်ရေးတပ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ရှမ်းမြောက်ဘက်က လက်နက်ချသူနဲ့ဖမ်းမိစစ်သုံ့ပန်းတွေထဲ ဗိုလ်မှူးအဆင့်အထိ အ မြင့်ဆုံးပါဝင်ပြီး မန္တလေးဘက်မှာတော့ ဒုတိယဗိုလ်မှူးကြီးတဦးကိုပါ ဖမ်းမိထားပါတယ်။

ဒါ့အပြင် မတ္တရာနဲ့ စဉ့်ကူးနယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ပျူစောထီး ပြည်သူ့စစ်တွေ လက်နက်ချလာ တာရှိတယ်လို့ MDY-PDF ကပြောထားပေမယ့်အရေအတွက်ကိုတော့ တိတိကျကျမသိရသေးပါဘူး။

စစ်ကောင်စီကတော့ ရှမ်းမြောက်မှာရော မန္တလေးတိုင်းထဲက တိုက်ပွဲတွေမှာပါ လေကြောင်းနဲ့ လက်နက်ကြီး ပစ် ကူအများအပြားအသုံးပြုနေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ မြေပြင်ကင်းထောင်အဖွဲ့တွေက ထုတ်ပြန် ထား တဲ့အချက်အလက်တွေကိုအခြေခံတွက်ချက်မှုအရ နေ့စဉ်ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်နဲ့ အထက် အသုံးပြုနေတာတွေ့ရပါတယ်။

ဒီကာလအတွင်း စစ်ကောင်စီက လားရှိုးအပါအဝင် ရှမ်းမြောက်မှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်တရာကျော်၊ မတ္တရာနဲ့စဉ့်ကူးမှာတော့အကြိမ်ငါးဆယ်ကျော်အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။

မတ္တရာနဲ့ စဉ့်ကူးမှာ လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခါ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အများဆုံးအသုံး ပြုပြီး ရှမ်းမြောက်မှာတော့ MI-35ကို အကြိမ်ရေ ဆယ်ဂဏန်းပြည့်အောင်အသုံးပြုတိုက်ခိုက်ထား တာမတွေ့ရ ပါဘူး။

အဲ့ဒီအစား Y-12 နဲ့ဂျက်တိုက်လေယာဉ်တွေကိုပဲ ပိုသုံးခဲ့တာပါ။စစ်ကောင်စီဟာ မတ္တရာမြို့နယ်ထဲ လဝက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်သုံးဆယ်ပြုလုပ်ရာမှာ MI-35နဲ့တိုက်ခိုက်မှု ၂၅ကြိမ်ထက်မနည်း ရှိတာ တွေ့ရ ပါတယ်။

ရွှေလုပ်ကွက်တွေရှိတဲ့ စဉ့်ကူးမြို့နယ်ထဲက တိုက်ပွဲတွေမှာတော့ စစ်ကောင်စီက စုစုပေါင်း လေကြောင်း တိုက် ခိုက်မှု အကြိမ်နှစ်ဆယ်ကျော်ထဲက ၁၉ကြိမ်ထက်မနည်မှာ တိုက်ခိုက်ရေးလေယာဉ်တွေအသုံးပြုခဲ့ပါတယ်။