ရခိုင်မှာ စစ်ရေးအထိနာနေပေမယ့် ကုလားတန်စီမံကိန်း ဆက်အကောင်အထည်ဖော်ရေး အိန္ဒိယနဲ့ စစ်ကောင်စီဆွေးနွေး

Photo – စစ်ကောင်စီ

ဇူလိုင်၊ ၁၁ 

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို နှစ်နိုင်ငံ ပူးပေါင်းဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အိန္ဒိယနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်သတင်းဌာနတွေကထုတ်ပြန်ပါတယ်။

စစ်တွေအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်နဲ့စစ်ကောင်စီ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးလွင်ဦးတို့ ဇူလိုင်လ ၁၀ ရက် က နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့တာပါ။

တွေ့ဆုံပွဲမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရေးပူးပေါင်းဆောင်ရွက်ရေးအပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ရေးကို  ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

အိန္ဒိယနိုင်ငံက ဒီမိုကရေစီနိုင်ငံကြီးတခုဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိနေလို့ ဝေဖန်တာတွေရှိနေတာလည်းဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမူအမေရိကန်ဒေါ်လာသန်းငါးရာနီးပါးရှိတဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်း စတင်ဖို့အိန္ဒိယနဲ့မြန်မာ ၂၀၀၈ ခုနှစ်က လက်မှတ်ရေးထိုးထားတာပါ။ဒီစီမံကိန်းဟာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်  ကုန်းတွင်းပိတ်ဒေသတွေအတွက် ကုန်စည်တွေကို စစ်တွေ-ပလက်ဝမှတဆင့် ရေကြောင်း၊ကုန်းကြောင်းကနေသယ်ယူဖို့ရည်ရွယ်ထားတာပါ။

ဒီစီမံကိန်းမှာ စစ်တွေရေနက်ဆိပ်ကမ်း၊ ပလက်ဝကုန်းတွင်းဆိပ်ကမ်းနဲ့ ပလက်ဝ-မီဇိုရမ် ကားလမ်းတွေပါဝင်ပါတယ်။

ကုလားတန်မြစ်က အိန္ဒိယနိုင်ငံနဲ့ ချင်းပြည်နယ်က မြစ်ဖျားခံ စီးဆင်းလာပြီး ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ပုဏ္ဏားကျွန်းမြို့တို့ကို ဖြတ်သန်းကာ စစ်တွေမြို့အနီး ဘင်္ဂလားပင်လယ်အော်အတွင်းစီးဝင်သွားတာပါ။

ပြီးခဲ့တဲ့နိုဝင်ဘာလကစတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေအတွင်းအာရက္ခတပ်တော် AA ကကုလားတန်မြစ်ကြောင်းတလျှောက်ရှိ

ပလက်ဝ၊ကျောက်တော်နဲ့ပုဏ္ဏားကျွန်းမြို့တို့ကို သိမ်းပိုက်ထားပြီး မြို့တော်စစ်တွေကိုလည်းပိတ်ဆို့ထားတာဖြစ်ပါတယ်။

ကုလားတန်ဘက်စုံသုံးစီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ပလက်ဝ-မီဇိုရမ် ကားလမ်းမကိုလည်း AA က ထိန်းချုပ်ထားတာပါ။

 အိန္ဒိယမီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်နဲ့ AAတာဝန်ရှိသူတွေဟာလည်း နယ်စပ်တနေရာမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

လက်ရှိအချိန်အထိ AAက ချင်းတောင်ပိုင်းပလက်ဝနဲ့ရခိုင်ပြည်နယ်မြို့နယ်ကိုးခုကိုသိမ်းပိုက်ထားပြီး မောင်တော၊သံတွဲ၊အမ်းနဲ့တောင်ကုတ်တို့ကိုထိုးစစ်ဆင်နေကာ ဒေသကွပ်ကဲမူစစ်ဌာနချုပ်(ဒကစ)အခြေစိုက်စစ်တွေကို ဝိုင်းရံပိတ်ဆို့ထားပါတယ်။