ယူရို ဗိုလ်လုပွဲမှာ စပိန်နဲ့ အင်္ဂလန် တွေ့ဆုံ

ဇူလိုင်၊ ၁၁

ဂျာမနီမှာ ကျင်းပနေတဲ့ ဥရောပ တံခွန်စိုက်ဖလား (ယူရို) ဘောလုံးပြိုင်ပွဲမှာ စပိန်နဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင် ဗိုလ်လုရတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ နယ်သာလန် အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့နောက် တဖက်မှာ ပြင်သစ်ကို ကျော်ဖြတ်လာတဲ့ စပိန်အသင်းနဲ့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။ အခုသီတင်းပတ်ကုန်ကျရင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ဘယ်အသင်းက ချန်ပီယံ ဆုဖလားကို ကိုင်မြှောက်ခွင့် ရမလဲဆိုတာ အဖြေပေါ်လာမှာပါ။

အင်္ဂလန်ဟာ လွန်ခဲ့တဲ့ ၄ နှစ်ကလည်း ယူရို ဗိုလ်လုပွဲထိ တက်လှမ်းခဲ့ပေမယ့် အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အခုနှစ်မှာတော့ အင်္ဂလန်ဟာ ပြိုင်ပွဲတလျှောက် ခြေစွမ်း အပြနိုင်ဆုံးဖြစ်ပြီး ချန်ပီယံဆုကို ၃ ကြိမ် ဆွတ်ခူးဖူးတဲ့ စပိန်နဲ့ ရင်ဆိုင်တွေ့နေပါတယ်။

စပိန်ဟာ ၁၉၆၄၊ ၂၀၀၈ နဲ့ ၂၀၁၂ တွေမှာ ယူရို ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး ပြိုင်ပွဲ သမိုင်းမှာ ပထမဆုံး ၄ ကြိမ် ချန်ပီယံ ဖြစ်ဖူးတဲ့ အသင်းအဖြစ် မှတ်တမ်းသစ် ရေးထိုးဖို့ စိုင်းပြင်းနေပါတယ်။ အင်္ဂလန်ကတော့ ယူရိုမှာ တစ်ကြိမ်မှ ချန်ပီယံ မဖြစ်ခဲ့ဖူးသေးပါဘူး။

အင်္ဂလန်နဲ့ စပိန်တို့ဟာ ၂၇ ကြိမ် တွေ့ဆုံခဲ့ဖူးရာမှာ အင်္ဂလန်က ၁၄ ကြိမ်နိုင်၊ စပိန်က ၁၀ ကြိမ်နိုင်ပြီး ၃ ပွဲ သရေကျထားပါတယ်။ အဲဒီနှစ်သင်းဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလတုန်းက ဥရောပ နိုင်ငံများ လိဂ်ဖလားပြိုင်ပွဲမှာ နောက်ဆုံးတွေ့ဆုံပြီး အင်္ဂလန်က ၃-၂ နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ နှစ်သင်းကြား နောက်ဆုံး ၈ ကြိမ် တွေ့ဆုံမှုမှာတော့ စပိန်က ၅ ကြိမ် အသာစီးယူထားပြီး အင်္ဂလန်က ၂ ကြိမ်သာနိုင်ခဲ့ပြီး ၁ ပွဲသရေကျထားတာကို တွေ့ရပါတယ်။

Ref: ESPN