ပုလောတိုက်ပွဲမှာ စစ်ကောင်စီ ဗိုလ်မှူးတဦးအပါအဝင် ငါးဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိ

Photo – PDF မြိတ်ခရိုင် အမှတ် (၁)တပ်ရင်း

ဇူလိုင်၊ ၁၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ငါးမိုင်ကျေးရွာအနီး ဇူလိုင် ၁၀ ရက်၊ မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ် ကောင်စီတပ်ဘက်က ဗိုလ်မှူးတဦး အပါအဝင် ငါးဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းဆီးရမိတဲ့အပြင် လက်နက် တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ကပြောပါတယ်။

“တိုက်ပွဲကတော့ သူတို့စစ်ကြောင်းထိုးလာလို့ဖြစ်တာ၊ အလောင်းငါးလောင်းနဲ့ အရှင်နှစ်ဦးဖမ်းမိတယ်၊ ​သေတာ က ဘယ်သူတွေလဲဆိုတာ ဖမ်းမိတဲ့သူတွေဆီကနေ အတည်ပြုနိုင်တယ်” လို့ PDF မြိတ်ခရိုင် အမှတ် (၁)တပ်ရ င်း ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။ 

ပုလောအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း(ခလရ) ၂၈၅ ကနေ အင်အားငါးဆယ်ဝန်းကျင်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ကို နေ့လယ် ၁၂ နာရီလောက်မှာ ကရင်အမျိုးသားကာကွယ်ရေး တပ်(KNDO) တပ်ရင်း(၇) တပ်ခွဲ(၅)၊ PDF မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း၊ ပုလောဒေသကာကွယ်ရေးတပ်(PRDF)နဲ့ မဟာ မိတ်ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

တိုက်ပွဲအတွင်း အထိနာတဲ့ စစ်ကောင်စီတပ်က တပ်ပြန်ဆုတ်သွားခဲ့ပေမယ့် အဲဒီအနီးအနားတဝိုက် လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

နှစ်ဖက်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကတော့ ဗိုလ်မှူး သက်ထွန်းအောင်၊ တပ်ကြပ်ကြီး ခင်မောင်သိန်း၊ တပ်ကြပ် ခိုင်လင်းအောင်၊ တပ်ကြပ် တင်စိုးနဲ့ ဒုတပ်ကြပ် သန်းဦးမြင့်တို့ဖြစ်ကြပြီး တပ်ကြပ် မောင်ဖြူနဲ့ တပ်ကြပ် မြမောင်တို့နှစ်ဦးကိုတော့ အရှင်ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“လက်ရှိ သူတို့(နှစ်ဦး)ကိုတော့ ဥပဒေအတိုင်းပဲ ဖမ်းဆီးထိန်းသိမ်းထားပါတယ်” လို့လည်း PDF မြိတ်ခရိုင် အမှတ် (၁)တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ဒါ့အပြင် တိုက်ပွဲအတွင်း ၆၀ မမ စိန်ပြောင်း တလက်၊ MA 2 အပေါ့စားစက်သေနတ်နှစ်လက်၊ ချေမှုန်းရေး ရိုင် ဖယ် လေးလက်၊ ပစ္စတိုတလက်နဲ့ တခြား စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်ကတော့ ပုလောဒေသကာကွယ်ရေးတပ်(PRDF)တပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး မြိတ်ခရိုင်အမှတ်(၁) တပ်ရင်းက တပ်ဖွဲ့ဝင်တဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီး တနှစ်ဝန်းကျင်လောက်ကတည်းက တိုက်ပွဲတွေဆက်တိုက် ပြင်းထန်ခဲ့တဲ့ ပုလောမြို့နယ် အတွင်း အခုနှစ်အစောပိုင်းလောက်ကနေစလို့ ပြင်းထန်တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ရပ်တန့်နေရာကနေ အခု လို တကျော့ပြန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတာပါ။