စည်းကမ်းဖောက်ဖျက်ရင် ဘဏ်တွေကို အရေးယူမယ်လို့ စစ်ကောင်စီခြိမ်းခြောက် ၊အွန်လိုင်းဘဏ်စနစ်နဲ့ ကတ်စနစ်တွေပိုသုံးဖို့ပြော

Photo – စစ်ကောင်စီ

ဇူလိုင် ၊ ၁၁

ဘဏ်လုပ်ငန်းတွေအနေနဲ့ စည်းမျဉ်း၊စည်းကမ်းတွေကိုလိုက်နာဖို့လိုပြီး တည်ဆဲဥပဒေ စည်းမျဉ်း၊စည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို ဖောက်ဖျက်ရင် အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ စစ်ကောင်စီက ဘဏ်လုပ်ငန်း ရှင်တွေ ကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

ဘဏ်လုပ်ငန်းတွေရဲ့ စည်းကမ်းဖောက်ဖျက်မှုကြောင့် နိုင်ငံတော်ရဲ့ ငွေကြေး၊ပစ္စည်းနဲ့ပိုင်ဆိုင်မှုကိုထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမယ်ဆိုရင် သက်ဆိုင်ရာ ဥပဒေပြဌာန်းချက်တွေနဲ့အညီဆောင်ရွက်မှာဖြစ်တယ်လို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက မနေ့က ဘဏ်လုပ်ငန်းရှင်တွေနဲ့ နေပြည်တော်မှာတွေ့ ဆုံချိန်ပြောဆိုခဲ့တာပါ။

လက်ရှိမှာ ဘဏ်လုပ်ငန်းတွေရဲ့ သတ်မှတ်စည်းကမ်းဖောက်ဖျက်မှုတွေက နိုင်ငံ့စီးပွားရေး မူဝါဒတွေကို ထိပါးလာ တာကြောင့် ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်ပေးနေတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ကပြောဆိုကြောင်း စစ်ကောင်စီကထုတ်ပြန်ပါတယ်။

အခုလအတွင်း ပြည်တွင်းက ပုဂ္ဂလိက ဘဏ်ခုနစ်ခုနဲ့ ဗဟိုဘဏ်တာဝန်ရှိသူတချို့ကို အရေးယူမယ်လို့ စစ်ကောင် စီက ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံပိုင်နဲ့ပုဂ္ဂလိက ဘဏ်တွေရဲ့ အကြီးအကဲတွေကို စစ်ကောင်စီအတွင်းရေးမှူးက မနေ့ကနေပြည်တော်မှာခေါ်ယူတွေ့ဆုံခဲ့တာပါ။

စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စည်းစနစ်နဲ့ယှဉ်ပြိုင်တာထက် ကိုယ်ကျိုးစီးပွားကြောင့် လက်ဝါးကြီး အုပ်တာ၊ဈေးကစားတာတွေကြောင့် အများပြည်သူအကျိုးစီးပွား ထိခိုက်နစ်နာစေခြင်းကနေ တားဆီးကာကွယ် ပေးရမှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီအတွင်းရေးမှူးကဆိုပါတယ်။

ဒါ့အပြင် ဘဏ်လုပ်ငန်းတွေဆောင်ရွက်ရာမှာ ကတ်စနစ်၊e-Banking စနစ် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေးအ လေးထားဆောင်ရွက်ဖို့လည်း သူကတိုက်တွန်းပါတယ်။ ပြည်သူတွေအနေနဲ့လည်း မလိုအပ်ဘဲ ငွေကြေး အမြောက်အမြား ထုတ်ယူတာ၊ကောလာဟလသတင်းတွေအပေါ် စိုးရိမ်စိတ်လွန်ကဲပြီး ငွေထုတ်ယူတာတွေ မလုပ်ကြဖို့လိုတယ်လို့လည်း ဆက်ပြောပါတယ်။

အိမ်ရာချေးငွေကို သတ်မှတ်ပမာဏထက် ကျော်လွန်ထုတ်ချေးထားလို့ဆိုပြီး ပုဂ္ဂလိကဘဏ်ခုနစ်ခုနဲ့ ဗဟိုဘဏ် တာဝန်ရှိသူတွေကို အရေးယူမယ်လို့စစ်ကောင်စီက အခုလအတွင်းထုတ်ပြန်ခဲ့သလို ရိုးမဘဏ်ဥက္ကဌ ဦးသိမ်းဝေနဲ့ ဘဏ်တာဝန်ရှိသူတွေကိုဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေကြော လက်ရှိ ပြည်တွင်းဘဏ်လုပ်ငန်းတွေ မှာဂယက်ရိုက်နေပါတယ်။

အထူးသဖြင့် စစ်ကောင်စီက ဘဏ်တွေကို အရေးယူမယ်လို့ ထုတ်ပြန်ပြီးနောက် ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ် လိုသူတွေ လိုသလောက်ထုတ်မရဘဲ special account တွေကိုပါ ကန့်သတ်ချက်နဲ့သာထုတ်ခွင့်ပေးတဲ့ အခြေ အနေတွေပြန်ဖြစ်နေကာ ငွေထုတ်ယူသူတွေလည်း များလာနေပါတယ်။

စစ်ကောင်စီက ရွှေ၊နိုင်ငံခြားငွေကြေးနဲ့ ဆန် လုပ်ငန်းရှင်တွေ၊ရောင်းချသူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ် ခဲ့သလို ဘဏ်လုပ်ငန်းတွေဘက်ကိုပါမြားဦးလှည့်လာခဲ့တဲ့နောက် အဲ့ဒီလိုအခြေအနေတွေပေါ်ပေါက်လာတာဖြစ် ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ဗဟိုဘဏ်တာဝန်ရှိသူတွေကတော့ ဘဏ်တွေမှာ အကန့်အသတ်နဲ့သာ ငွေထုတ်နိုင်တယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ တုံ့ပြန်နေပါတယ်။ ဗဟိုဘဏ်အနေနဲ့ နေ့စဉ်နဲ့အမျှ ဘဏ်တွေရဲ့ ငွေသွင်း/ငွေထုတ် အပ်နှံငွေ အခြေအနေတွေကိုစောင့်ကြည့် ထိန်း ကျောင်းနေတာကြောင့် ကောလာဟလတွေအပေါ် စိုးရိမ်ဖို့မလိုဘူးလို့ စစ်ကောင်စီဗဟိုဘဏ်ဒုတိယဥက္ကဌက တုံ့ ပြန်ပြောဆိုထားပါတယ်။