နောင်ချိုက လက်ကျန်ဒုံးတပ်ရင်းကို TNLA သိမ်းပိုက်လိုက်ပြီး ပြင်ဦးလွင်နဲ့ နောင်ချိုအစပ်မှာ တိုက်ပွဲဆက်ဖြစ်

Photo – TNLA/shwe phee myay

ဇူလိုင်၊ ၁၀

ရှမ်းပြည်နယ် နောင်ချိုမြို့က စစ်ကောင်စီလက်ကျန်စခန်းဖြစ်တဲ့ ၆၀၆ ဒုံးတပ်ရင်းကို ဒီကနေ့ နေ့လယ် သုံးနာရီမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး ပြင်ဦးလွင်နဲ့နောင်ချိုအစပ် ဘန့်ဘွေးအနီးက သဲခေါ်ရွာမှာလည် တိုက်ပွဲဖြစ်ခဲ့တယ် လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။

စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်နဲ့ မြို့နယ်ချင်းထိစပ်နေပြီး မြို့ချင်း မိုင်သုံးဆယ်လောက်သာဝေးတဲ့ နောင်ချိုမြို့ ကို TNLA ပူးပေါင်းတပ်တွေက လက်ရှိထိုးစစ်အစောပိုင်းကတည်းက သိမ်းပိုက်ထိန်းချုပ်ခဲ့ပေမယ့် ၆၀၆ ဒုံးတပ် ရင်း ကတော့ ဆက်လက်ခုခံနေခဲ့တာပါ။

အဲ့ဒီတပ်ရင်းလက်မလွှတ်ရဖို့အတွက် စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးတွေ အဆမတန်သုံးပြီး ခုခံခဲ့ ပေမယ့် ရှမ်း-မန်းးစစ်ဆင်ရေးစတင်အပြီး ၁၆ရက်အကြာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ တာ ဖြစ်ပါတယ်။

TNLA ရဲ့နေ့စဉ်စစ်ရေးထုတ်ပြန်ချက်တွေအရ စစ်ကောင်စီဟာ ၆၀၆ ဒုံးတပ်ရင်းကိုလက်မလွှတ်ရဖို့အတွက် MI-35၊ဂျက်ဖိုက်တာ၊Y-12 လေယာဉ်တွေသုံးပြီး လေကြောင်းတိုက်ခိုက်မှုအကြိမ် ခုနစ်ဆယ်ဝန်းကျင်လောက်အထိ ပြု လုပ်ခဲ့ပါတယ်။

အဲ့ဒီအထဲက နှစ်ကြိမ်မှာ ဓာတုအဆိပ်ငွေ့ဗုံးလေးလုံးအသုံးပြုခဲ့တယ်လို့လည်း TNLA က ဆိုထားပါတယ်။ ဒီကနေ့ မှာလည်း နောင်ချိုမြို့တွင်းကို Y-12လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

TNLA ဘက်က မထုတ်ပြန်မီကတည်းက၆၀၆ဒုံးတပ်ရင်းက လက်ကျန်စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာရှိပေမယ့် TNLA ရဲ့အခုညပိုင်းထုတ်ပြန်ချက်မှာတော့ အသေးစိတ်ဖော်ပြထားတာမရှိ သေးပါဘူး။

အဲ့ဒီတပ်ရင်းထဲကနေ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအခြေအနေကိုလည်း မသိရသေးပါဘူး။ စစ်ကောင်စီ ရဲ့နောက်ဆုံးလက်ကျန်တပ်ကို သိမ်းပိုက်နိုင်လိုက်တာကြောင့် နောင်ချိုမြို့ဟာ လက်ရှိထိုးစစ်အတွင်း TNLA ပူး ပေါင်းတပ်တွေ ပထမဆုံးအပြီးသတ်သိမ်းပိုက်နိုင်တဲ့မြို့ဖြစ်လာပါတယ်။

၆၀၆ဒုံးတပ်ရင်းကို TNLA က ဒီကနေ့ အပြီးသတ်သိမ်းပိုက်လိုက်သလို နောင်ချိုမြို့တောင်ဘက် အုမ္မတီးလမ်းဆုံ အနီးက သဲခေါ်ရွာမှာလည်း စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။

TNLA ပူးပေါင်းတပ်တွေဟာ ရှမ်း-မန်းစစ်ဆင်ရေးစတင်တဲ့ ဇွန်လ ၂၅ရက်ကတည်းက အုမ္မတီးလမ်းခွဲက စစ် ကောင်စီတပ်စခန်းကိုသိမ်းပိုက်ခဲ့ပြီး ပြင်ဦးလွင်လမ်းပိုင်းဘက်ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။

သဲခေါ်ရွာဟာ ပြင်ဦးလွင်မြို့နဲ့ ၁၇မိုင်လောက်အကွာမှာရှိပြီး အဲ့ဒီရွာနဲ့ သုံးမိုင်ဝန်းကျင်အကွာက ဘန့်ဘွေးရွာမှာ စစ်ကောင်စီတပ်စွဲထားတာရှိပါတယ်။ နောင်ချိုမြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလအတွင်း ဘန့်ဘွေးရွာအခြေ စိုက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ကူပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ TNLA တို့ဟာ ဒီကနေ့ တန့်ယန်းမြို့နယ် နားဆောင်ရွာအနီးတဝိုက်၊ မိုးမိတ်မြို့နယ် ရွှေတောင်ဦး ဘုရားအနီးတဝိုက်တို့မှာလည်း တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့သိရပါတယ်။

မိုးမိတ်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ လက်နက်ခဲယမ်းခြောက်ကြိမ် ပစ်ချခဲ့သလို Y-12နဲ့ ဗုံး ၁၆လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။