ဇူလိုင် ၊ ၈
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းကတိုက်ပွဲတွေမှာ သပိတ်ကျင်းမြို့နယ် ဒုတပ်မှူး ဒုဗိုလ်မှူးကြီး လှိုင်းထွန်း အောင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးကိုဖမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် မတော်(မန္တလေး) က ထုတ်ပြန်အသိပေးပါတယ်။ ဒါ့အပြင် လက်နက်ချအလင်းဝင်တဲ့ ပျူစောထီးတွေလည်းရှိတယ်လို့ဖော်ပြထားပြီး အရေအတွက်ကိုတော့ မသိရသေးပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ် မတော်(မန္တလေး) အနေနဲ့ စဉ့်ကူးမြို့နယ်အတွင်း အခုရက်ပိုင်းတိုက်ပွဲတွေမှာ စခန်းငါးခု ထပ်ပြီးသိမ်းပိုက်နိုင်ခဲ့တာကြောင့် စုစုပေါင်း သိမ်းပိုက်ထားတဲ့စခန်း ၁၁ခုအထိ ရှိလာပြီလို့လည်းထုတ် ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ် မတော်(မန္တလေး)ရဲ့ ဇူလိုင် ၃ရက် ထုတ်ပြန်ချက်အရ စဉ့်ကူးမြို့နယ်ထဲက ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော် လေး တပ်စခန်းနဲ့နွယ်ရုံ ရဲစခန်း စတဲ့ စခန်းခြောက်ခုကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။ နောက်ထပ်တိုက်ပွဲတွေမှာတော့ ရွှေပြည်ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန် တောင် တပ်စခန်းနဲ့ ပင်လယ်ကြီး တပ်စခန်းတို့ကိုထပ်မံသိမ်းပိုက်ခဲ့တာပါ။
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတိုက်ပွဲတွေပြန်တင်စတင်ချိန် ဇွန်လ ၂၅ရက်ကစလို့ မန္တလေးတိုင်း အတွင်းက မတ္တရာ၊စဉ့်ကူး၊သပိတ်ကျင်းမြို့နယ်တွေထဲမှာလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)နဲ့ ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)ရဲ့ ထုတ်ပြန်ချက်တွေအရ ဒီကနေ့ အထိ ထိုးစစ်နှစ်ပတ်အတွင်း မတ္တရာမြို့နယ်ထဲက စခန်း ၂၅ခု၊စဉ့်ကူးမြို့နယ်ထဲက စခန်း ၁၁ခု စုစုပေါင်း စစ်ကောင်စီတပ်စခန်း၊ရဲစခန်းနဲ့ ရဲကင်းစခန်း ၃၆ခုအထိ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။
ဒီတိုက်ပွဲကာလအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)က ဖမ်းမိသူနဲ့ လက်နက်ချတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း ကိုးဆယ်ထက်မနည်း၊တပ်မိသားစုဝင် တရာကျော်ရှိပြီး အလင်းဝင်ထားတဲ့ ပျူစောထီး အင်အားကိုတော့ တိတိကျကျမသိ ရသေးပါဘူး။
စဉ့်ကူးမြို့နယ်ထဲက လက်ရှိမြေပြင်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက လက်နက်ခဲယမ်းတွေသိမ်း ဆည်းရမိတာရှိသလို လေကြောင်းကနေ ချပေးခဲ့တဲ့ လက်နက်ခဲယမ်းထုပ်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။