Photo – AA Info Desk
ဇူလိုင်၊ ၈
သံတွဲမြို့နယ်မှာ စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက ရခိုင်နဲ့ဧရာဝတီအစပ် ဂွမြို့နယ်မှာ ခုခံစစ်ပြင်ဆင်နေရပြီဖြစ်ပါတယ်။
နာမည်ကျော်ခရီးသွားဒေသဖြစ်တဲ့ ရခိုင်တောင်ပိုင်းသံတွဲမြို့နယ်က စစ်ကောင်စီတပ်ရင်းနဲ့တပ်စခန်းတွေကို အာရက္ခတပ်တော်AAကပြီးခဲ့တဲ့လပိုင်းကစလို့ ထိုးစစ်ဆင်နေတာပါ။
လက်ရှိအချိန်အထိတော့ စစ်ကောင်စီရဲ့သံတွဲအခြေစိုက် ခမရ၅၆၆နဲ့ ငပလီမဇင်လေဆိပ်အပြင် စစ်တပ်ဖက်က ခုခံနေတဲ့နေရာအများစုကို သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်မြေအများစုကိုလည်း AAဖက်ကထိန်းချုပ်ထားတာပါ။
သံတွဲဒေသတိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကအလောင်း (၄၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရ မိခဲ့တယ်လို့AAက ဇူလိုင်၇ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
သံတွဲဒေသတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၆၆) နဲ့ခလရ (၅၅)တို့အပြင် စစ်ကူအဖြစ်တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းဆယ်ရင်း၊ အလယ်ပိုင်းတိုင်းနဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းနှစ်ရင်း၊ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နဲ့ Myanmar Navy SEALs(ရေတပ်အထူးတပ်ဖွဲ့) တွေပါဝင်ခဲ့တယ်လို့AAကဆိုပါတယ်။
ဒါ့အပြင် ဘင်္ဂလားပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ ရေတပ်စစ်သင်္ဘော (၅) စီးပါ စစ်ရေယာဉ်စုအပြင်ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စတဲ့ နေရာတွေကလက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်း အသည်းအသန် ခုခံကာကွယ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
AAဖက်ကလည်းဗျူဟာမြောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့သံတွဲမြို့သိမ်းတိုက်ပွဲစစ်ရေးအခြေအနေမှာ အပြင်းထန်ဆုံးနဲ့အမြင့်ဆုံးအနေအထား ရောက်ရှိခဲ့ပြီး ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲတွေ အတွင်း ခက်ခဲတဲ့ မြို့သိမ်းတိုက်ပွဲလည်း ဖြစ်တယ်လို့ဆိုပါတယ်။
“သံတွဲငပလီမှာက စကစနဲ့သူတို့နီးစပ်သူတွေအကျိုးစီးပွားအများကြီးရှိတာ၊သံတွဲကျရင်သူတို့မြောင်းထဲရောက်ပြီ၊ဒါကြောင့်အသည်းအသည်ခုခံနေရတာ”လို့ဒေသတွင်းစစ်ရေးလေ.လာသူတဦးကမှတ်ချက်ပြုပါတယ်။
လက်တလောသံတွဲတိုက်ပွဲမှာ စစ်ကောင်စီဖက်က အထိနာနေပြီး မြို့တောင်ဘက် ဂျိတ္တောရွာထိ ဆုတ်ခွာနေရတယ်လို့လည်းသူကပြောပါတယ်။
စစ်ကောင်စီဖက်ကသံတွဲ မြို့ကိုလက်လွတ်ရပါကရခိုင်တောင်ဖက်အစွန်ဆုံး ဂွမြို့ကနေ ခုခံဖို့ ပြင်ဆင်နေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
ရခိုင်နဲ့ဧရာဝတီတိုင်းအစပ်မှာရှိတဲ့ ဂွမြို့က သံတွဲနဲ့မိုင်၈၀လောက်ကွာဝေးပြီး ဧရာဝတီတိုင်းငါးသိုင်းချောင်းမြို့နဲ့ ၅၇မိုင်လောက်သာကွာဝေးတာပါ။
ဂွမြို့မှာစစ်ကောင်စီဖက်ကခြေမြန်တပ်ရင်း နှစ်ရင်းသာရှိပြီး ဧရာဝတီတိုင်းဖက်က စစ်ကူတွေပို့ကာ အင်အားဖြည့်နေတယ်လို့သိရပါတယ်။
“ဧရာဝတီတပ်ရင်းတချို့အပြင် စစ်မူထမ်းသင်တန်းဆင်းတွေပို့နေတာပါ။ ခံစစ်ပြင်တာပေါ့”လို့ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကပြောပါတယ်။
ဒါ့အပြင်သံတွဲဖက်က ဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေလည်းဂွမြို့နယ်မှာခံစစ်အထိုင်ချနိုင်တယ်လို့သူကသုံးသပ်ပါတယ်။
တကျော့ပြန်တိုက်ပွဲ၇လ ကျော်အတွင်း AAကရခိုင်ပြည်နယ်ကိုးမြို့နယ်နဲ့ချင်းတောင်ပိုင်းပလက်ဝမြို့နယ်ကိုသိမ်းပိုက်ထားပြီး လက်ရှိမှာ သံတွဲ၊တောင်ကုတ်။အမ်းနဲ့မောင်တောတို့ကိုထိုးစစ်ဆင်နေတာပါ။
ရခိုင်ပြည်နယ် ၁၇မြို့နယ်မှာဂွမြို့နယ်နဲ့ ကျွန်းမြို့ဖြစ်တဲ့မာန်အောင်တို့သာ တိုက်ပွဲမရှိသေးတာဖြစ်ပါတယ်။