Photo – NUG ကျန်းမာရေးဝန်ကြီးဌာန
ဇူလိုင် ၊ ၆
စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာပါဝင်ထားတဲ့ လားရှိုးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမကြီးနန်းမွေလင်းစံနဲ့ မိခင်တို့ဟာ ရှမ်းပြည်နယ်ကျောက်မဲမြို့မှာဖြစ်ပွားနေတဲ့တအာင်းတပ်TNLA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတို့ တိုက် ပွဲအတွင်း လက်နက်ကြီးကြောင့် သေဆုံးသွားတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနဆီကသိရပါတယ်။
အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေတဲ့ တကျော့ပြန်ရှမ်းမြောက်တိုက်ပွဲတွေအတွင်း ဇွန်လ ၂၉ရက် မနက် ပိုင်းက ကျောက်မဲမြို့ထဲ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲချိန်မှာ CDM သူနာပြုဆရာမကြီးနဲ့ မိခင်ဖြစ် သူတို့လည်း သေဆုံးခဲ့ရတာပါ။
ကျောက်မဲမြို့ ရပ်ကွက်(၈)မှာနေထိုင်တဲ့ အသက် ငါးဆယ်ကျော်အရွယ် သူနာပြုဆရာမကြီး နန်းမွေလင်းစံနဲ့ အ သက် ၇၃နှစ်အရွယ် မိခင်ဖြစ်သူ နန်းခင်ဖုန်းတို့ဟာ ဇွန်လ ၂၉ရက်မနက်ပိုင်းက နေအိမ်ပေါ်လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။
သူနာပြုဆရာမကြီးသားအမိနှစ်ဦးအပါအဝင် လက်ရှိရှမ်းမြောက်တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှု တွေ နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်ချက်လို့တော်လှန်ရေးတပ်တွေဘက်က ပြောပေမယ့် စစ်ကောင်စီက လည်း တော် လှန်ရေးတပ်တွေလက်ချက်လို့ ထုတ်ပြန်ပြောဆိုနေတာရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနကတော့ သူနာပြုဆရာမကြီးတို့သားအမိနှစ်ဦး သေဆုံး ခဲ့တာဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးကျည်ကြောင့်လို့ ဖော်ပြပါတယ်။
သူနာပြုဆရာမကြီး နန်းမွေလင်းစံကို CDM အာဇာနည်သူရဲကောင်းတဦးအဖြစ် အသိအမှတ်ပြုပြီး စစ်ကောင်စီ လက်ချက်နဲ့ထိခိုက်သေဆုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှု ဆောင် ကြဉ်းသွားမယ်လို့လည်း NUG ကျန်းမာရေးဝန်ကြီးဌာနကဆိုပါတယ်။
အလားတူ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ဖွဲ့စည်းထားတဲ့ ကြားကာလ ဖက်ဒရယ် သူနာ ပြုနဲ့ သားဖွားကောင်စီ IFNMC ကလည်း တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ကူညီခဲ့တဲ့ သူ နာပြုဆရာမ ကြီး နန်းမွေလင်းစံ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးရမှုအတွက် ဝမ်းနည်းကြေကွဲရတယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
သူနာပြုဆရာမကြီး နန်းမွေလင်းစံဟာ အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေး ဝန်ကြီး ဌာနကဖွင့်လှစ်သင်ကြားတဲ့ သူနာပြုတက္ကသိုလ်-မန္တလေးကနေ သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး)(Off Campus) ၂၀၂၃ ခုနှစ်မှာရရှိထားသူလည်းဖြစ်တယ်လို့ သိရပါတယ်။
တအာင်းတပ် TNLAနဲ့ ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇွန်လ ၂၅ရက်ကစပြီး နောင်ချို၊ ကျောက်မဲ၊မိုးကုတ်၊သီပေါ၊မိုးမိတ်၊မတ္တရာ၊စဉ့်ကူး စတဲ့မြို့နယ်တွေအတွင်းတိုက်ပွဲပြင်းထန်ခဲ့သလို အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့အနီးတဝိုက်မှာလည်း ကိုးကန့်တပ် MNDAA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတို့ ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေပါတယ်။
ဒီတိုက်ပွဲတွေအတွင်း လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေကြောင့်အရပ်သား ထိခိုက်သေဆုံးမှုမြင့်တက်နေကာ ဒီကနေ့အထိ အတည်ပြုနိုင်တဲ့အချက်အလက်တွေအရဒေသခံအရပ်သား ဆယ်ချီ သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရထားပါတယ်။