စစ်မှုထမ်း ဥပဒေကို ရှောင်တိမ်းရင်း ထိုင်းနိုင်ငံမှာ ရုန်းကန်နေရတဲ့ လူငယ်များ

ဇူလိုင်၊ ၆

လူထုထောက်ခံမှုတွေ ခိုင်ခိုင်မာမာ ရရှိထားတဲ့ ဒီမိုကရေစီရေး လက်နက်ကိုင် တော်လှန်မှုတွေကို ဖိနှိပ်ဖို့အတွက် အာဏာသိမ်း စစ်တပ်က စစ်မှုမထမ်းမနေရ စနစ်ကို အသက်သွင်းကြောင်း ကြေညာလိုက်တဲ့အခါ မခိုင်ဟာ အဲဒီ အခြေအနေကနေ လွတ်မြောက်ဖို့ တခုတည်းသော နည်းလမ်းကို တွေးမိခဲ့ပါတယ်။ ပြီးတော့ လက်တွေ့လည်း အကောင်အထည်ဖော် ပြင်ဆင်ခဲ့ပါတယ်။

နောက်ထပ် သီတင်းပတ်တချို့ ကြာမြင့်ပြီးတဲ့ အချိန်မှာတော့ ကျောင်းဆရာမဟောင်း တဦးဖြစ်တဲ့ မခိုင်ဟာ အဝတ်အထည်၊ ငွေသားနဲ့ မှတ်ပုံတင်လောက် ပစ္စည်း အနည်းအကျဉ်းကိုသာ ယူဆောင်ပြီး ထိုင်းနိုင်ငံဖက် မှောင်ခိုလမ်းကြောင်းကနေ ဝင်ရောက်ဖို့ ဦးတည်နေတဲ့ ဗင်ကားတစီးရဲ့ နောက်ခန်းထဲ ရောက်နေခဲ့ပါပြီ။ နောက်ထပ် ဘယ်လောက်ကြာမှ မြန်မာနိုင်ငံဆီ သူပြန်လာခွင့် ရမလဲဆိုတာ မခိုင် မတွေးတတ်တော့ပါဘူး။

အခုဆိုရင် သူဟာ ဘန်ကောက်မှာ တရားဝင် စာရွက်စာတမ်း အထောက်အထားတွေ မရှိဘဲ နေထိုင်နေရပါတယ်။ တချိန်ချိန်မှာ ရဲတယောက်က သူ့ပခုံးကို လာဖမ်းဆွဲပြီး မြန်မာဖက်ကို အတင်းအကျပ် ပြန်ပို့မလားဆိုတဲ့ စိုးရိမ်စိတ်ဟာ မခိုင်ရဲ့ ခေါင်းထဲမှာ အချိန်ပြည့် ကြီးစိုးနေပါတယ်။

တကယ်တော့ မခိုင်လိုမျိုး မြန်မာစစ်တပ်က အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်လွှဲနိုင်ဖို့ ထိုင်းနိုင်ငံဆီ တဖွဲဖွဲ ခိုလှုံဝင်ရောက်နေတဲ့ မြန်မာလူငယ် သောင်းဂဏန်းထဲက တဦးသာ ဖြစ်ပါတယ်။ စစ်မြေပြင်မှာ တပ်အင်အား ပြုတ်ပြုတ်ပြုန်းနေတာကို ကုစားဖို့အတွက် အာဏာသိမ်း မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီလမှာ စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးမယ့် အစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီးတဲ့ အချိန်ကတည်းက စစ်တပ်ဟာ စိတ်ဇောထက်သန်လှတဲ့ လက်နက်ကိုင် တော်လှန်ပုန်ကန်မှုတွေဒဏ်ကို အလူးအလဲ ခံနေရပါတယ်။ အာဏာသိမ်း စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ အထိနာမှုတွေအတွက် ရှုံးမဲမဲပြီး အရပ်သားတွေအပေါ် ပစ်မှတ်ထားတာတွေ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြပါတယ်။

စစ်တပ်က ပျမ်းမျှ တလကို စစ်မှုထမ်းသစ် ၅၀၀၀ လောက် စုစည်းခေါ်ယူဖို့ လိုလားကြောင်း ကြေညာထားပါတယ်။ စစ်မှုထမ်းဖို့ ပျမ်းမျှ အသက်အရွယ် သတ်မှတ်ချက်ဟာ ၁၈ နှစ်နဲ့ ၃၅ နှစ်ကြားလို့ ဖော်ပြထားပေမယ့် ခေါ်ယူမှု စံနှုန်း အသေးစိတ်တွေ၊ ဘယ်လိုနေရာတွေမှာ တာဝန်ချမလဲ ဆိုတာတွေက ဝေဝါးရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။

တချို့လူငယ်တွေဟာ စစ်တပ်ထဲဝင်ဖို့ လမ်းပေါ်မှာတင် အတင်းအကျပ် ဆွဲခေါ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ကြောင်း သတင်းတွေ ပျံ့ခဲ့ခြင်းကလည်း လူထုကြားက စိုးရိမ်မှုတွေကို ပိုကြီးထွားစေခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ကတော့ အဲဒီသတင်းတွေကို ငြင်းဆန်ထားပါတယ်။

“စစ်မှုမထမ်းမနေရ ဥပဒေရဲ့ တကယ့် အဓိပ္ပါယ် အစစ်က ပြည်သူ အချင်းချင်းကို သတ်ခိုင်းတာပဲ”လို့ ကရင်ပြည်နယ် အရှေ့ပိုင်းကနေ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းကို ရောက်နေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုဝေယံက ဆိုတယ်။ “ကျွန်တော်တို့က ပြည်ပ ကျူးကျော်သူတွေကို တိုက်ရမှာ မဟုတ်ဘူးလေ”လို့လည်း ဘန်ကောက်က စားသောက်ဆိုင် တခုမှာ အလုပ်လုပ်ရင်း အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားအဖြစ် နေထိုင်နေသူ ကိုဝေယံက ထောက်ပြခဲ့ပါတယ်။ “ကျွန်တော်တို့က ကိုယ့်နိုင်ငံသား အချင်းချင်း သတ်ဖြတ်နေကြရမှာ”လို့လည်း သူက ပြောပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းပြီး သိပ်မကြာခင်မှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံသားတွေ နယ်စပ်ဖြတ်ကျော် ထွက်ခွာဖို့ စံနှုန်းတွေကို တင်းကျပ် ကန့်သတ်လိုက်ပြီး လူငယ်တွေ အလုပ်လုပ်ခွင့်ပါမစ်နဲ့ ပြည်ပ ထွက်ကြတာကိုလည်း ယာယီ ပိတ်ပင်လိုက်တယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့ ရုပ်ရှင် ဝေဖန်ရေးသမား ကိုငွေယံသွန်း (အမည်လွှဲ)က သူဆိုရင်လည်း တရားမဝင် လမ်းကြောင်းကနေ ပြည်ပထွက်ဖို့ကလွဲရင် ရွေးချယ်စရာ လမ်းမမြင်ခဲ့ဘူးလို့ ပြောပါတယ်။ သူငယ်ချင်းတွေဆီကတဆင့် ဆက်သွယ်ထားတဲ့ ပွဲစားတွေ အကူအညီနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းပိုင်နက်ထဲ ဝင်ရောက်နိုင်ဖို့ စီစဉ်ခဲ့ကြောင်း၊ အဲဒီအတွက် စရိတ်က ဒေါ်လာ ၂၂၀ လောက် ပေးချေခဲ့ရကြောင်းလည်း သူက ဆိုတယ်။

ကိုငွေယံသွန်းဟာ ပိုင်ဆိုင်မှုတွေကို ထုခွဲရောင်းချခဲ့တဲ့နောက် သူ့အချစ်တော် ခွေးလေးကို သူငယ်ချင်းတွေဆီမှာ အပ်နှံပြီး တာချီလိတ်ထိ သွားရောက်ဖို့ လေယာဉ်လက်မှတ် ဖြတ်ခဲ့ပါတယ်။ ထိုင်းနယ်စပ်က မြို့ကို ရောက်တဲ့အခါ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တွေက ဝေးလံလှတဲ့ နေရာဆီ ဘာကြောင့် ရောက်လာသလဲ ဆိုတာကို သင်္ကာမကင်းဟန်နဲ့ ရစ်နေတာကြောင့် လက်ဖက်ရည်ဖိုးပေးပြီး ဖြေရှင်းခဲ့ရပါတယ်။

နောက်တော့ ပွဲစားတွေက သူ့ကို ထိုင်းနယ်စပ်နားက သူတို့ခိုအောင်းလေ့ရှိတဲ့ နေရာ (safe house)တခုမှာ ထားခဲ့ပြီး အဲဒီမှာ စုစုပေါင်း လူ ၃၀ လောက်က သူ့လိုပဲ ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးဝင်ဖို့ စောင့်နေကြပါတယ်။

သိပ်မကြာခင်မှာတော့ ကိုငွေယံသွန်း အပါအဝင် လူ ၁၁ ယောက်လောက်ကို ကားတစီးပေါ် ပြွတ်သိပ်တင်ပြီး ခရီးစဉ် စတင်ခဲ့ပါတော့တယ်။ “ကျွန်တော်တို့က လူသားတွေလို ဆက်ဆံခံနေရတယ်လို့ မခံစားရတော့ဘူး။ မှောင်ခို စျေးကွက်ထဲက ကုန်စည် တခုခုလို ဖြစ်နေခဲ့တာ”လို့ အခုအခါ ချင်းမိုင်ကို ရောက်နေတဲ့ ကိုငွေယံသွန်းက ပြောပြခဲ့ပါတယ်။

ထိုင်းဆိုတာဟာ မြန်မာ့ လူ့အဖွဲ့အစည်းတွေ ဝင်ရောက်နေထိုင်မှုနဲ့ မစိမ်းလှတဲ့ အိမ်နီးချင်း နိုင်ငံဖြစ်ပါတယ်။ ဘန်ကောက်မှာ မြန်မာတွေ ခြေချင်းလိမ်နေတဲ့ စျေးတခုရှိသလို နယ်စပ်တလျှောက် ကျေးရွာတွေမှာ ခိုလှုံနေထိုင်တဲ့ မြန်မာနိုင်ငံသားတွေလည်း အများကြီးပါ။

စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ်တွေ ဘယ်လောက်များများ မြန်မာနိုင်ငံကို စွန့်ခွာ ထွက်ပြေးကုန်သလဲ ဆိုတာက လက်ရှိ ပဋိပက္ခနဲ့ အရှုပ်အထွေးတွေကြောင့် တိတိကျကျ စာရင်းကောက်ယူဖို့ မလွယ်ဘူးလို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) တာဝန်ရှိသူ တယောက်က မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမဲ့​ မြေပြင်သတင်းရင်းမြစ်တွေဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး စစ်မှုမထမ်းမနေရ ဥပဒေ ကောင်းမှုကြောင့် ပြည်ပထွက်ခွာသူ ကိန်းဂဏန်းဟာ သောင်းဂဏန်းတင် မကဘဲ သိန်းဂဏန်းထိတောင် ရောက်ရှိနိုင်တယ်လို့ ILOက ခန့်မှန်းထားပါတယ်။

ကိုဝေယံက သူရောက်ရှိနေတဲ့ တဝိုက်မှာ မြန်မာတွေ များလွန်းလို့ အံ့ဩမိခဲ့တယ်လို့ ပြောပြပါတယ်။ “ကျွန်တော့် သူငယ်ချင်းတွေကိုတောင် နောက်လေ့ရှိတယ်။ ငါအခုထိ မြန်မာနိုင်ငံထဲမှာပဲ ရှိသေးတာလား ဆိုပြီးတော့လေ”လို့ သူက ဆိုတယ်။

ဘန်ကောက်ကို ရောက်ရှိခဲ့တဲ့နောက် မခိုင်ဟာ တိုက်ပွဲတွေကြောင့် မိုဘိုင်းကွန်ရက်နဲ့ အင်တာနက် အဆက်အသွယ် ပြတ်တောက်နေရာ ဇာတိရွာက မိဘတွေဆီ အဆက်အသွယ် လုပ်လို့ မရတော့ပါဘူး။

“ထိုင်းရဲတွေက ကျွန်မကို ဖမ်းမိသွားမှာ အရမ်းစိုးရိမ်တယ်။ ဒါကြောင့် ဒီကို ရောက်ကတည်းက ကျွန်မ အပြင်မထွက်ရဲသေးဘူး”လို့ သူက AFP သတင်းဌာနဆီ ပြောပြခဲ့ပါတယ်။ ရောက်ရောက်ချင်းမှာ တလလုံးလိုလို ငိုပဲ ငိုပဲနေခဲ့မိတယ်လို့လည်း မခိုင်က ဖွင့်ဟခဲ့ပါတယ်။

နောက်တော့ သူ့သူငယ်ချင်း ဖွင့်ထားတဲ့ ဆိုင်မှာ အချိန်ပိုင်း အလုပ်လေးတခု ရခဲ့တယ်။ အလုပ်ချိန် ပြီးတာနဲ့ သူဟာ ခြောက်ကပ်ပြီး သေးငယ်တဲ့ အခန်းကျဉ်းလေးဆီ ပြန်လာတယ်။ အဲဒီမှာတော့ အပိုဝင်ငွေရအောင် သူက TikTokကနေတဆင့် ဆေးတွေနဲ့ အလှကုန် ပစ္စည်းတွေကို ရောင်းချလေ့ ရှိပါတယ်။

ထိုင်းမှာ အရမ်းအထီးကျန်နေမှန်း စာနာနားလည်တဲ့ သူငယ်ချင်း တယောက်က လက်ဆောင်ပေးထားတဲ့ Teddy Bear အရုပ်ကြီးက မခိုင်ရဲ့ အိပ်ရာမှာ ရာခိုင်နှုန်း​ တော်တော်များများ နေရာယူထားပါတယ်။

မကြာသေးခင်ကတော့ စစ်တပ် ထိန်းချုပ်ထားတဲ့ အစိုးရ မီဒီယာတွေက စစ်မှုမထမ်းမနေရ စနစ်ကြောင့် ဆင့်ခေါ်ခံထားရတဲ့ ပထမအသုတ် လူသစ်တွေဟာ စစ်သင်တန်းကာလ ပြီးဆုံးပြီ ဖြစ်တာကြောင့် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီ သတင်းပို့ဖို့ ဖြန့်ကျက် ခံရတော့မယ်လို့ ဖော်ပြခဲ့တယ်။ ဒါဟာ နိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းမှာ စစ်ပွဲတွေ အရှိန်အဟုန် မြင့်တက်လာနေတဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေတယ်။

အခုတော့ အဲဒီဥပဒေဆိုးရဲ့ လက်တံတွေနဲ့ ကင်းဝေးတဲ့ နေရာကို ရောက်နေလို့ ကိုငွေယံသွန်းဟာ သက်ပြင်းချခွင့် ရနေတယ်။ တချိန်တည်းမှာပဲ ညရောက်တိုင်း သူဘာဆက်လုပ်သင့်သလဲ ဆိုတာကို တွေးတောရင်း စိတ်မောနေရပြန်တယ်။

“အလုပ်မရရင်၊ ဒီမှာနေဖို့ တရားဝင် စာရွက်စာတမ်းတွေ မရရင် ကျွန်တော် ဘာလုပ်သင့်သလဲ ဆိုတာကို တွေးနေမိတယ်”လို့ သူက ဆိုတယ်။ “မြန်မာနိုင်ငံကိုတော့ ပြန်မသွားချင်ဘူးလေ။ အတွေးတွေများပြီး အမြဲတမ်းလိုလို ကျွန်တော် စိုးရိမ်စိတ်တွေ ဖိစီးနေတယ်”လို့လည်း သူက ပြောပြသွားပါတယ်။

(VoA၏ ‘Can’t go back’: Myanmar conscription exiles struggle in Thailand ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)