စစ်တပ်ဖမ်းသွားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးက ဒေသခံလေးဦး အလောင်းသာပြန်တွေ့

Photo – Social Media

ဇူလိုင်၊ ၅

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်၊ ခေါင်ပြန်ရွာက ရွာခံလေးဦး သတ်ဖြတ်ခံလိုက်ရပြီး ရုပ်အလောင်းတွေကို ခေါင်ပြန်ရွာ ချောင်းထဲတွေ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။ 

“အလောင်းတွေက ရုပ်ပျက်ဆင်းပျက်ကို ဖြစ်နေပြီ၊ လက်ပြန်ကြိုးတုပ်ထားတာတွေရော၊ ဓားနဲ့ ထိုးထား တာတွေရော စုံနေတာပဲ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။ 

သတ်ဖြတ်ခံခဲ့ရသူတွေကတော့ အသက် ၄၀ နဲ့ ၆၀ ကြားရှိ   ဦးကျော်စိန်၊ ဦးအောင်ဇော်ဝင်း၊ ဦးသားသားနဲ့ ဦးနိုင်နိုင်တို့ ဖြစ်ကြပါတယ်။ 

ဦးနိုင်နိုင်ရဲ့ ရုပ်အလောင်းကိုဇူလိုင် ၃ ရက်နေ့မှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး ကျန်တဲ့ သုံးဦးရဲ့ ရုပ်အ လောင်းတွေကိုတော့ ဇူလိုင် ၄ ရက်၊ မနေ့ ညနေပိုင်း က တွေ့ရှိခဲ့ရတာပါ။ 

Delta News Agency က ကြည့်ရှုခဲ့ရတဲ့ ဓာတ်ပုံတွေမှာတော့ ရုပ်အလောင်းတွေအကုန်လုံး လက်ပြန်ကြိုးတုပ်ခံထားရပြီး လည်ပင်းနဲ့ မျက်နှာတွေမှာ ဓားနဲ့ လှီးဖြတ်ထားတဲ့ ဒဏ်ရာတချို့ တွေ့ရပါတယ်။ 

“လက်ပြန်ကြိုးတုပ်သတ်ထားတာ၊ အတော်ဆိုးတယ်၊ သေနတ်နဲ့ပစ်သတ်တာမဟုတ်ဘူး” လို့လည်း ဒေသခံက ပြောပါတယ်။ 

အင်အားတရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဇူလိုင် ၁ ရက်နေ့မှာ ခေါင်ပြန်ရွာကို ရောက်ရှိလာခဲ့ပြီး ရွာခံ ရှစ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်ကာ ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက် စစ်ကြောင်းထိုးနေတာပါ။ 

ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့အထဲပါတဲ့ အသက် ၁၄ နှစ်အရွယ်မိန်းကလေးငယ်တဦးအပါအဝင် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတဦးကိုလည်း အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။ 

“သေလားရှင်လားတောင် မသိရသေးဘူး၊ သတင်း တွေလည်း အမျိုးမျိုးကြားနေရတာပဲ” လို့လည်း ဒေသခံက ပြောပါတယ်။ 

ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင်နှစ်ဆယ် လောက်အကွာမှာရှိတဲ့ ထားဝယ်အ ထူးစီးပွား ရေး ဇုန်ကို စစ်ကောင်စီက ရုရှားနဲ့ ပူးပေါင်းကာ ပြန် လည်အကောင်ထည်ဖော်မယ်လို့ ပြီးခဲ့တဲ့ မေလ အတွင်းက ထုတ်ပြောထားပါတယ်။

စစ်ကောင်စီက အဲလိုထုတ်ပြောပြီးကတည်းက နယ် မြေရှင်းလင်းတဲ့အနေနဲ့အင်အားသုံးစစ်ကြောင်းထိုးတာတွေ လုပ်လာနိုင်တဲ့လို့လည်း ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ခန့်မှန်းထား ကြပါတယ်။ 

လက်ရှိ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကတော့ အဲဒီ ထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ ရွာတွေတဝိုက်မှာပဲ ရှိနေပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သွားတိုးမိတဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်ခံခဲ့ရပြီး ငါးဦးကျဆုံးတဲ့အပြင် သေနတ် သုံးလက်နဲ့ ကားတစီးလည်း သိမ်းဆည်းခံလိုက်ရပါတယ်။ 

စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက်ကို အရင်ကလည်း မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှိုးတာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။ 

အကျယ်အဝန်း ဧက ငါးသောင်းဝန်ကျင်ရှိပြီး နိုင်ငံတကာသင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ တခြားအလတ်စား စက်ရုံတွေ ထည့်သွင်းတည်ဆောက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုနှစ်မှာ နအဖ  စစ်အစိုးရနဲ့ အီတာလျံထိုင်းကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုး စတင်အကောင်ထည်ဖော်ခဲ့တာပါ။ 

ဒါပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်အတွင်းမှာတော့ ဘတ်ဂျက်လိုအပ်ချက်အရ လုပ်ငန်းရပ်ဆိုင်းခဲ့ပြီး ၁၁ နှစ်ခန့်အကြာမှ နိုင်ငံခြားဝင်ငွေနည်းနေတဲ့ စစ်ကောင်စီက ရုရှားနဲ့ ပူးပေါင်းကာ ပြန်လည်အကောင်ထည်ဖော်ဖို့ ကြိုးပမ်းလာတာပါ။