ထားဝယ်အထူးစီးပွားရေးဇုန်အနီး ပစ်ခတ်ခံရလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်ငါးဦး ကျဆုံး

Photo – စစ်တပ်ထောက်ခံတယ်လီဂရမ်

ဇူလိုင်၊ ၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲက ထားဝယ်အ ထူးစီးပွားရေးဇုန်အနီး မနေ့က ဇူလိုင်လ ၂ ရက်၊ မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားတစီး စစ်ကောင်စီတပ်ရဲ့ ခြုံခိုတိုက်ခိုက်တာ ခံရတာကြောင့် တပ်ဖွဲ့ဝင်ငါးဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

“တိုက်ပွဲတောင် မဖြစ်လိုက်ဘူးကြားတယ်၊ တဖက်သတ်ပစ်ခံရတာ၊ စစ်တပ်က ကင်းပုန်းဝပ်နေတာနဲ့ သွားတိုးတာ” လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ လဲရှောင်ရွာသားတဦးက DNA ကို ပြောပါတယ်။

လဲရှောင်ရွာနဲ့ ဧကနိရွာကြား လမ်းမပေါ်မှာ အခုလို တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ကားပေါ်ပါလာသူ ဆယ်ဦးလောက်ရှိတဲ့အနက် ငါးဦးသေဆုံးခဲ့တာလို့ သိရပါတယ်။
“အဲနေရာမှာ လေးယောက်ကျတယ်၊ ထွက်ပြေးလာပြီးမှ ဒီဘက်မှာ တယောက်ကျတယ်” လို့လည်း အထက်ပါဒေသခံက ပြောပါတယ်။

ကျန်တဲ့ တပ်ဖွဲ့ဝင် ငါးဦး ထွက်ပြေးလွတ်မြောက်လာပေမယ့်အဲ့ဒီအထဲက နှစ်ဦးကတော့ ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာတော့ အဲဒီတိုက်ခိုက်မှုမှာ ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(DNLA) တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး M16 ချေမှုန်ရေးရိုင်ဖယ် သုံးလက်၊ ကားတစီးနဲ့ ယူနီဖောင်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

အခုလိုတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး DNLA အပါ အဝင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တချို့ကို DNA က ဆက်သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

အင်အား တရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ကပ်လျက်ရှိတဲ့ နဘုလယ်၊ မူးဒူး၊ ဘဝါ၊ လဲရှောင်၊ ထွက်ဝ စတဲ့ ကျေးရွာတွေကို ဇူလိုင်လ ၁ ရက်နေ့ကတည်း စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာပါ။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က အဲဒီကျေးရွာတွေထဲမှာပဲ ဆက်ရှိနေပြီး ရွာခံတချို့လည်း ဘေးလွတ်ရာတိမ်းရှောင်နေကြပါတယ်။

ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင်နှစ်ဆယ်ဝန်းကျင်အကွာမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို စစ်ကောင်စီက ရုရှားနဲ့ ပူးပေါင်းကာ ပြန် လည်အကောင်ထည်ဖော်မယ်လို့ ပြီးခဲ့တဲ့ မေလအတွင်းက ထုတ်ပြောထားပါတယ်။
စစ်ကောင်စီက အဲ့ဒီလိုထုတ်ပြောပြီးကတည်းက နယ်မြေရှင်းလင်းတဲ့အနေနဲ့ အင်အားသုံးစစ် ကြောင်းထိုးတာတွေ လုပ်လာနိုင်တယ်လို့လည်း ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ခန့်မှန်းထားကြပါတယ်။

ဒီတိုင်ခင်ကလည်း စစ်ကောင်စီတပ်က ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ အနီးတဝိုက်ကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး ပြည်သူတွေကိုဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့တာတွေ လုပ်လေ့ရှိတဲ့အပြင် တော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

အကျယ်အဝန်း ဧက ငါးသောင်းဝန်ကျင်ရှိပြီး နိုင်ငံတကာသင်္ဘောတွေ ဆိုက်ကပ်နိုင်မယ့် ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ တခြားအလတ်စား စက်ရုံတွေ ထည့်သွင်းတည်ဆောက်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုနှစ်မှာ နအဖ စစ်အစိုးရနဲ့ အီတာလျံထိုင်းကုမ္ပဏီတို့ သဘောတူ လက်မှတ်ရေးထိုး စတင်အကောင်ထည်ဖော်ခဲ့တာပါ။

ဒါပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်အတွင်းမှာတော့ ဘတ်ဂျက်လိုအပ်ချက်အရ လုပ် ငန်းရပ်ဆိုင်းခဲ့ပြီး ၁၁ နှစ်လောက်အကြာမှ ရုရှားနဲ့ ပူးပေါင်းကာ လုပ်ငန်းပြန်စမယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထဲကပဲ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို လာရောက်ကြည့်ရှူစစ်ဆေးခဲ့ပါသေးတယ်။