အစိုးရကို ဖြုတ်ချမယ့် အကြံအစည် တခုကို တားဆီးနိုင်ခဲ့ကြောင်း ယူကရိန်းဆို

ဇူလိုင်၊ ၃

အစိုးရကို ဖြုတ်ချမယ့် အကြံအစည် တခုကို ခြေရာခံ ဖော်ထုတ်ပြီး ဟန့်တားနိုင်ခဲ့ကြောင်း ယူကရိန်း အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ 

ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတွန်းလှန်နေရတဲ့ နိုင်ငံမှာ အဲဒီ လုပ်ရပ်ဟာ ရုရှားအလိုကျ ခြယ်လှယ်နိုင်ရေး လမ်းဖွင့်ပေးမယ့် အခြေအနေတခု ဖြစ်ခဲ့တယ်လို့လည်း ယူကရိန်း ထောက်လှမ်းရေးဌာ (SBU)က ဆိုပါတယ်။

အစိုးရကို ဖြုတ်ချဖို့ နောက်ကွယ်က ကြံစည်သူတွေဟာ ကိယက်ဗ်မြို့တော်မှာ ဇွန်လ ၃၀ ရက်နေ့က အဓိကရုဏ်းတခု ဖြစ်လာအောင် လှုံ့ဆော်ပြီး လွှတ်တော်ကို စီးနင်းဖို့၊ စစ်ဘက်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ဖယ်ရှားဖို့ အစီအစဉ်တွေ ရေးဆွဲထားတာ ဖြစ်တယ်လို့ SBU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဘယ်သူတွေက ကြံစည်တာလဲ၊ ပြီးတော့ အဲဒီကိစ္စဟာ ရုရှားနဲ့ တိုက်ရိုက် ဆက်နွှယ်မှု ရှိသလား ဆိုတာတွေကတော့ ကြေညာချက်ထဲမှာ သဲသဲကွဲကွဲ မပါရှိခဲ့ပါဘူး။ နောက်ကွယ်မှာ ရှိနေသူ ၄ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီးတဲ့နောက် ၂ ဦးကို ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ SBUက ပြောပါတယ်။ သူတို့ဟာ ဆူပူလှုံ့ဆော်မှုအတွက် ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။

အစိုးရကို ဖြုတ်ချမယ့် အကြံအစည်ကို ခြေရာခံ ဖော်ထုတ်ခဲ့ရာမှာ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ ကွန်ပျူတာတွေ၊ ဆက်သွယ်ရေး ကိရိယာတွေနဲ့ တခြားမှတ်တမ်းမှတ်ရာတွေကိုပါ သိမ်းဆည်း ရမိထားတယ်လို့လည်း SBUက ကြေညာခဲ့ပါတယ်။

ဦးဆောင်သူတွေဟာ လူပေါင်း ၂၀၀၀ လောက် ဝင်ဆံ့တဲ့ ခန်းမတခုကို ငှားရမ်းထားခဲ့သလို ပုဂ္ဂလိက ကုမ္ပဏီတွေကနေ လက်နက်ကိုင် အစောင့်တွေနဲ့ ကြေးစားစစ်သား တချို့ကိုပါ ငှားရမ်းပြီး လွှတ်တော်ကို စီးနင်းဖို့ ပြင်ဆင်ထားခဲ့ကြောင်း ယူကရိန်း အမှုစစ်ချုပ်ရုံးကလည်း ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားက စစ်မြေပြင်မှာ နှေးနှေးနဲ့မှန်မှန် ရှေ့တိုး ချီတက်လာနေတဲ့ အခြေအနေမှာ အခုကိစ္စမျိုး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ယူကရိန်းရဲ့ စစ်အင်အား ပြုန်းတီးလာမှု၊ အနောက်နိုင်ငံတွေက ထောက်ပံ့တဲ့ လက်နက်တွေ လျော့ပါးလာနေမှုတွေက ရုရှားအတွက် အခွင့်သာစေပြီး စစ်မြေပြင်မှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်လာနေတာ ဖြစ်တယ်လို့ စစ်ရေးသုတေသီတွေက ထောက်ပြထားကြပါတယ်။

Ref: CNN