ပိုမိုနီးကပ်လာသော မန္တလာမြေသို့အပြန်လမ်း

Photo – MDY-PDF

ဇူလိုင်၊ ၂

မန္တလေးမြို့နဲ့ မိုင်ဆယ်ဂဏန်းလောက်ပဲ ကွာတဲ့နေရာက အရေးပါတဲ့စစ်ကောင်စီစခန်းရှစ်ခုကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတိုက်ခိုက်သိမ်းပိုက်ကာ လက်နက်မျိုးစုံ ၁၂၅လက်၊သုံ့ပန်း ခုနစ်ဆယ်နီးပါးကို ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)က ဒီကနေ့ထုတ်ပြန်ပါတယ်။

ဒါဟာ ဇွန်လ ၂၅ရက်ကစတင်တဲ့ တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေအတွင်း ရလဒ်ဖြစ်ပြီး တပတ်မပြည့် ခင်မှာရခဲ့တဲ့စစ်ရေးရလဒ်လည်းဖြစ်ပါတယ်။

သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းတွေထဲမှာ စစ်ကောင်စီရဲ့အင်ကြင်းမြိုင်တပ်စခန်းလို့လည်းသိကြတဲ့ ၁၀၁၄ လေကြောင်း ရန်ကာကွယ်ရေးစခန်းလည်းပါဝင်ပါတယ်။

ဒါ့အပြင် ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်စခန်းတွေနဲ့ Alpha ဘိလပ်မြေစက်ရုံစိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင်စခန်းတို့ကိုလည်းသိမ်းပိုက်ထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ချသူတွေနဲ့ ဖမ်းမိသူ စုစုပေါင်း ၆၄ဦး၊တပ်မိသားစုဝင် ၁၁၇ကို လည်းထိန်းသိမ်းထားတယ်လို့သိရပါတယ်။

အလားတူ နောင်ချို၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ကျောက်မဲစတဲ့ မြို့နယ်တွေက ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေမှာလည်း MDY-PDF က TNLA ပူးပေါင်းတပ်တွေနဲ့အတူပါဝင်တိုက်ခိုက်နေပါသေးတယ်။

TNLA ရဲ့ထုတ်ပြန်ချက်တွေအရ နောင်ချိုနဲ့ကျောက်မဲတို့ကို ပူးပေါင်းတပ်တွေထိန်းချုပ်ထားပြီးမိုးကုတ်မြို့တွင်းကို လည်း ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပါတယ်။

ဒီလိုအရေးပါတဲ့ ရင်ဆိုင်တိုက်ပွဲတွေ မဖော်ဆောင်နိုင်ခင် တနှစ်ကျော်အကြာ၂၀၂၃ခုနှစ် မတ်လ အတွင်းက MDY-PDF ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးဟာ မန္တလေးမြို့တွင်းပြောက်ကျားတိုက်ခိုက်မှုတခုဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်လိုက်ပါလာတဲ့ယာဉ်တန်းကို အစိုးရအဖွဲ့ရုံးအနီး ပဒေသာ မိုင်းတွေနဲ့တိုက်ခိုက်ခဲ့တာလို့ MDY-PDF ကထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနောက် တလဝန်းကျင်အကြာ ဧပြီလမှာတော့ MDY-PDF တပ်ဖွဲ့ဟာ သပြေညိုစစ်ဆင်ရေးကိုစတင်ခဲ့ပါတယ်။ ဖြတ်တောက်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်တိုက်ပွဲတွေပါဝင်လာပြီဖြစ်တဲ့ အဲ့ဒီစစ်ဆင်ရေးကို နောင်ချိုနဲ့ပြင်ဦးလွင် အစပ် ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်နေရာတချို့မှာ ဆင်နွှဲခဲ့တာပါ။

“စစ်ကောင်စီ၏ စစ်ကြောင်းများသည် (၅)ရက်ဆက်တိုက် မိမိတို MDY_PDF နေရာယူ ထားသော စစ်ကြောင်း များအား လက်နက်ကြီးမျိုးစုံဖြင့် ပစ်ခတ်ခြင်း၊ အင်အားထုဖြင့် ထိုးစစ်ဆင် ခြင်းများ ပြုလုပ်ခဲ့သော်လည်း အောင် မြင်မှုမရရှိဘဲ အကျအဆုံးများစွာဖြင့် ထွက်ပြေးခဲ့ရသည်”လို့ ၂၀၂၃ခုနှစ် ဧပြီလ ၉ ရက်ကတိုက်ပွဲကို MDY-PDF ကဖော်ပြခဲ့ပါတယ်။

နောက်တရက်မှာလည်း စစ်ကောင်စီက လက်နက်ကြီးပစ်အားအဆမတန်သုံးပြီး ထိုးစစ်ဆင်ခဲ့ပေမယ့်နှစ်နာရီ ကျော်ကြာတိုက်ပွဲအပြီးမှာ ပြန်ဆုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်အကြာက စစ်ကောင်စီ ထိုးစစ်တွေကို ခုခံခဲ့ရတဲ့ MDY-PDF ဟာ လက်ရှိမှာတော့တန်ပြန် ထိုးစစ်ဆင်ပြီး စခန်းတွေသိမ်းပိုက်နေတဲ့တပ်ဖွဲ့ဖြစ်လာပါပြီ။

ဒီလိုဖြစ်မလာခင် MDY-PDFက နာမည်တပ်ပြီးဆင်နွှဲခဲ့တဲ့ အနီးစပ်ဆုံးစစ်ဆင်ရေးတွေက ရာဇနိုင်၊သပြေညို၊ က နောင်၊တောင်သမန်၊ပြင်ဦးလွင်မြို့တွင်းတိုက်ခိုက်မှုအပါအဝင်ဆက်စပ်တိုက်ပွဲတွေနဲ့ လက်ရှိ ၁၀၂၇စစ်ဆင် ရေး ဒုတိယလှိုင်းတို့ဖြစ်ပါတယ်။

MDY-PDF ဟာ သူတို့ရဲ့ ရင်ဆိုင်တိုက်ပွဲတွေစတင်ဖော်ဆောင်တဲ့ သပြေညိုစစ်ဆင်ရေးကတည်းက အဲ့ဒီဒေသတ ဝိုက် အခြေချနိုင်ရေး အဓိကလှုပ်ရှားခဲ့ပြီး အခုနှစ်ဇန်နဝါရီလအတွင်းကတော့ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်က သံဘို ရွာစခန်းကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တနှစ် ဧပြီလတုန်းက ရှော့တိုက်ဒုန်းနဲ့သာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တဲ့ နောင်ချိုအခြေစိုက် ခလရ ၁၁၄နဲ့ ၁၁၅ တို့ကို လက်ရှိ ၁၀၂၇ ဒုတိယလှိုင်းမှာတော့ TNLA၊MDY-PDFအပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်း ပိုက်ထားနိုင်ပါပြီ။

အလားတူ မတ္တရာအခြေစိုက် တော်လှန်ရေးတပ်တွေနဲ့ MDY-PDF တို့ပူးပေါင်းသိမ်းပိုက်လိုက်တဲ့ အင်ကြိုင်းမြိုင် လေကြောင်းကာကွယ်ရေးတပ်စခန်းဟာလည်း ၂၀၂၃ဇူလိုင်လတုန်းက ရှေ့တိုက်ဒုန်းနဲ့ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ အခြေအနေသာရှိခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုဟာ ကနောင်စစ်ဆင်ရေးရဲ့ အဖွင့်တိုက်ပွဲလည်းဖြစ်ခဲ့ပြီး အင်ကြင်းမြိုင်တပ်စခန်းရဲ့ ကာကင်း စခန်းတခုကိုလည်း စီးနင်းနိုင်ခဲ့တယ်လို့ MDY-PDFကအသိပေးခဲ့ပါတယ်။

တနှစ်နီးအကြာမှာ လက်ရှိမှာတော့ အင်ကြင်းမြိုင်စခန်းအပြင် အနီးဝန်းကျင်စခန်းတချို့ကိုပါ MDY-PDF နဲ့ တော် လှန်ရေးတပ်တွေ သိမ်းပိုက်ထားနိုင်ပါပြီ။အဲ့ဒီနောက် ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာချိန်မှာတော့ MDY-PDF တပ်တွေက တောင်သမန်စစ်ဆင်ရေးကြေညာပြီးပါဝင်တိုက်ခိုက်ပါတယ်။

ဒီကာလအတွင်း အုမ္မသီး၊ အုမ္မခါးလမ်းခွဲတိုက်ပွဲ၊ မတ္တရာဒေသအတွင်းတိုက်ပွဲတွေ၊ TNLA နဲ့အတူပူးပေါင်း တိုက် ခိုက်တဲ့ နောင်ချိုမြို့နယ် လွင်ကြီး၊ကြူအင်း၊ဟိုခို၊ကုန်းစံ စတဲ့ အကျဉ်းဦးစီးစခန်းလေးခုကို သိမ်းပိုက်တဲ့တိုက်ပွဲ တွေဟာ MDY-PDF ရဲ့ ထင်ရှားတဲ့တိုက်ပွဲတွေဖြစ်ပါတယ်။

တောင်သမန် စစ်ဆင်ရေးတလတာအတွင်း MDY-PDF တပ်ဖွဲ့အနေနဲ့ မတ္တရာ၊နောင်ချို၊ကျောက်မဲ ၊မိုးကုတ်မြို့နယ် တွေမှာ ပူးပေါင်းတပ်တွေနဲ့အတူ ထိတွေ့တိုက်ပွဲ ၃၇ကြိမ်လောက်ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးခဲ့ပါတယ်။

တလကြာ အဲ့ဒီတိုက်ပွဲတွေအတွင်း MDY-PDF တပ်ဖွဲ့ဝင် ဆယ်ဦးကျဆုံးကာ သုံးဆယ်လောက်ဒဏ်ရာရခဲ့ပြီး လက် နက်မျိုးစုံ ၁၂၁လက်၊သုံ့ပန်း ၁၁ဦးဖမ်းမိတယ်လို့ အသိပေးခဲ့ပါတယ်။

စစ်ကောင်စီနဲ့ညီနောင်သုံးဖွဲ့တို့ ဟိုင်ဂင်စာချုပ်အရအပစ်မရပ်မီ သံဘိုရွာစစ်ကောင်စီစခန်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့ MDY-PDF တပ်ဖွဲ့ဟာ ရှမ်းမြောက်အပစ်ရပ်ကာလအတွင်း ပြင်ဦးမြို့က DSAကျောင်းကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်တာ၊နောင်ချိုက သရက်ကုန်းရွာစခန်းကိုသိမ်းပိုက်တာတွေလုပ်နိုင်ခဲ့ပါတယ်။

အဲ့ဒီစခန်းတွေကို ပြန်ရဖို့ စစ်ကောင်စီက ထိုးစစ်ဆင်တာကြောင့် နှစ်ဘက် တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပေမယ့် MDY-PDF ဘက်က ဆက်လက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

မတ္တရာနဲ့စဉ့်ကူးမြို့နယ်အစပ်က ဝါးဘိုးချပ်ရွာစခန်းကိုတော့ ဧပြီလကုန်ပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး သုံ့ပန်း ၁၅ဦး၊ လက်နက် ၂၀တို့ကို ရရှိခဲ့ပါတယ်။

အဲ့ဒီနောက်စခန်းငယ်တချို့ သိမ်းပိုက်တာကလွဲလို့ ရင်ဆိုင်တိုက်ပွဲတွေ ရပ်နားခဲ့တဲ့ MDY-PDF ဟာ ဇွန်လ ၂၁ ရက်မှာ စစ်ကောင်စီတပ်တွေသုံးတဲ့ MA-စီးရီး ရိုင်ဖယ်တွေကိုယ်စီနဲ့ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို ထုတ်ပြခဲ့ ပါတယ်။

ရှမ်းမြောက်အပစ်ရပ်ကာလအတွင်း MDY-PDF နဲ့ပတ်သက်တဲ့ နောက်ထပ်အရေးပါတဲ့ ဖြစ်ရပ်တခုကတော့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် မြေပြင်အထိရောက်ခဲ့တဲ့ ပုံရိပ်တချို့ထွက်ပေါ်ခဲ့တာပါ။

လက်ရှိမှာတော့ MDY-PDF ဟာ TNLA ပူးပေါင်းတပ်တွေနဲ့အတူ ရှမ်းမြောက် ၁၀၂၇ ဒုတိယလှိုင်းတိုက်ပွဲတွေ မှာပါ ဝင်နေသလို မတ္တရာနယ်ထဲမှာလည်း စခန်းသိမ်းတိုက်ပွဲတွေဦးဆောင်တိုက်ခိုက်နေပါပြီ။

မတ္တရာမြို့ဟာ မန္တလေးမြို့လယ်နဲ့၁၉မိုင်လောက်ပဲဝေးပြီး မြို့စွန်ကနေဆိုရင်‌တော့ ဒီထက်ပိုနီးပါတယ်။ မတ္တရာ မြို့နယ်ရဲ့ မြောက်ဘက်မှာတော့ ရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းကို ပိုင်းခြားကာရံထားတဲ့ တောင်ကြောရှိပါတယ်။

အဲ့ဒီတောင်ကြောရဲ့အောက်ဖက် တဖက်ခြမ်းမှာတော့ ပြင်ဦးလွင်-မိုးကုတ်သွား ကားလမ်းမပါ။ ဒီလမ်းပေါ်မှာသံဘို-ကျောက်မဲလေးစတဲ့ရွာတွေရှိပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် နေရပ်ကိုစွန့်ခွာခဲ့တဲ့ မန္တလာသားတွေရဲ့အိမ် အ ပြန်ခရီး တရွေ့ရွေ့ပိုနီးကပ်လာနေပါပြီ။

“လမ်းများအားလုံးနေပြည်တော်ဆီသို့” “ရန်ကုန်မှာပြန်ဆုံကြမယ်”စတဲ့ တော်လှန်ရေးကာလထဲက ကြွေးကြော် သံတွေလိုပဲ မန္တလာသူ၊မန္တလာသားတို့ “ပြည်တော်ဝင်”တေး ဆိုညည်းသံဟာလည်း ပိုပိုပြီးကျယ်လောင်လာ နေပါတော့တယ်။