သဘာဝဘေးနဲ့ သတိပြုရမယ့်သတင်းအမှားတွေ 

Photo – Social Media

ဇူလိုင်၊ ၂

လူအများအပြားအပေါ်သက်ရောက်မှုရှိတဲ့ ဘေးအန္တရာယ်တွေကြုံလာရတဲ့အခါ အဲ့ဒီအန္တရာယ်ရဲ့အဆင့် တိုင်းမှာ သတင်းအမှားတွေပါ အတူတွဲပြီး ပေါ်ပေါက်လာလေ့ရှိတယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးဆိုင် ရာ စိတ်ပညာ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။

ဒါကြောင့် သတင်းမှားတွေရဲ့ လှည့်ဖျားမှုကိုမခံရအောင် လေ့လာချင့်ချိန်အတည်ပြုဖို့က အဓိက ကျတယ်လို့ လည်း ပညာရှင်တွေကထောက်ပြထားကြောင်း ဂျပန်သတင်းဌာနတခုဖြစ်တဲ့ NHKရဲ့ ဘေးအန္တရာယ်နဲ့ သ တင်းအမှား ဆိုင်ရာတင်ဆက်မှုတခုမှာဖော်ပြထားပါတယ်။

သဘာဝဘေးနဲ့သတင်းအမှားဆိုင်ရာ သုတေသီတွေက ၂၀၁၁ခုနှစ် ဂျပန်အရှေ့ပိုင်းမဟာငလျင်ကြီးနဲ့ ၂၀၁၆ ခုနှစ် ခူမာမိုတိုငလျင်တို့အပါအဝင် သဘာဝဘေးအန္တရာယ် ၁၈ခုနဲ့ပတ်သက်ပြီးလေ့လာခဲ့ရာမှာ အခြေအ မြစ်မရှိတဲ့ သတင်းအမှား ၄၅၀ကျော်အထိကို တွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။

“ဘေးအန္တရာယ် စတာတွေကြောင့် လူမှုအသိုက်အဝန်း မတည်မငြိမ်ဖြစ်တဲ့အချိန်မှာ မှားယွင်းတဲ့ အချက်အ လက်တွေ ပေါ်ထွက်တယ်” လို့ အဲ့ဒီလေ့လာမှုကိုဦးဆောင်ခဲ့တဲ့ ဂျပန်နိုင်ငံ ဟယောဂို တက္ကသိုလ်က ပါမောက္ခ မစ္စတာ Kimura Reo က မှတ်ချက်ပြုပါတယ်။

လက်ရှိကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ၁၅နှစ်လောက်အတွင်း စံချိန်သစ်တင်မယ့် ရေကြီးမှုနဲ့ရင်ဆိုင်နေ ရပြီး လူဦးရေထောင်၊သောင်းချီ ရေဘေးနဲ့ကြုံနေရပါတယ်။

အလားတူ ရေကြီးမှုစဖြစ်ချိန်ကနေ ဒီကနေ့အထိ ပိတ်မိနေသူတွေလည်း အများအပြားရှိနေသေးပြီး ကယ် ဆယ်ရေးအဖွဲ့တွေ မလုံလောက်တဲ့အကြောင်း၊အကူအညီလိုအပ်နေကြောင်း ပိတ်မိနေသူတွေက အသိပေး လာတဲ့ အကြောင်းအရာတွေလည်း လူမှုကွန်ရက်ပေါ်မှာ အချိန်နဲ့အမျှတွေ့နေရတာပါ။

ဒီလို အချိန်နဲ့တပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအပြင် နောက်ထပ်ဒေသတွေဆီကိုပါ မြစ်ရေ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် ကြိုတင်ကာကွယ်ဖို့ ခိုင်မာမှန်ကန်တဲ့ သတင်းအချက်အလက်တွေ လိုအပ်နေပါတယ်။

အဲ့ဒီလိုအခြေအနေမှာ မြစ်ကြီးနားမြို့ရေကြီးမှုနဲ့ပတ်သက်တဲ့ သတင်းအမှား၊အချက်အလက်အမှား၊အ ကြောင်းအရာနဲ့ ဓာတ်ပုံအမှားတွေလည်း လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေတာကြောင့် လိုအပ်တဲ့သတင်း အချက် အလက်တွေရရှိမှုနည်းသွားတာ၊လူထုကြားမလိုအပ်ဘဲ စိုးရိမ်စိတ်တိုးစေတဲ့အခြေအနေမျိုးတွေလည်းဖြစ် စေနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ “ကိုဗစ်”ကာလ၊ “မိုခါ”မုန်တိုင်းအပါအဝင် လူအများစောင့်ကြည့်ရတဲ့သဘာဝ ဘေး တွေပေါ်ပေါက်လာ ချိန်မှာ သတင်းတု၊သတင်းအမှားတွေကြောင့် စိုးရိမ်စိတ်တိုးခဲ့ရတဲ့ သာဓကတွေလည်းရှိ ခဲ့ဖူးပါတယ်။

သဘာဝဘေးနဲ့ သတင်းအမှားဆိုင်ရာ သိသာထင်ရှားတဲ့ ဥပမာတခုကတော့ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့ “ငလျင်” လှုပ်ခတ်မှုတွေကို ဘယ်နေရာမှာ၊ဘယ်နေ့၊ဘယ်အချိန် ငလျင်လှုပ်ခတ်တော့မယ်ဆိုပြီး ဖော်ပြ ကြတာမျိုးဖြစ်ပါတယ်။

ဒါ့အပြင် အမှန်တဝက်၊အမှားတဝက် ရောထွေးနေတဲ့ သတင်းအမှားဖြန့်ဝေမှုပုံစံမျိုးတွေလည်းရှိနေပါသေး တယ်။

မြစ်ကြီးနားမြို့ရေကြီးတာဟာ ရေခဲတောင်တွေရှိရာ ပူတာအိုက ရေခဲတောင်သုံးလုံးပြိုကျတာနဲ့လည်း သက် ဆိုင်ပြီး မြန်မာပြည်မြောက်ဖျားဘက်ကနေ ရေတွေထပ်ဆင်းလာဦးမယ်ဆိုတဲ့ ဖော်ပြချက်မျိုးတွေမနေ့က လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒါ့အပြင် ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းမှာရှိပြီး ဒေသခံတွေက ရေကြောင်းပြအမှတ်အသားအဖြစ် အသုံး ပြုကြတဲ့ ကျက်တူရွေးနှုတ်သီး သဏ္ဍာန်ကျောက်ဆောင်ရေမြုပ်သွားပြီဖြစ်လို့ မြစ်ကြောင်းတလျှောက် နဲ့ အောက်မြန်မာပြည်မြို့တွေရေဘေးအတွက် ကြိုတင်ပြင်ဆင်သင့်ပြီဆိုတဲ့ ရေးသားဖော်ပြမှုမျိုးတွေလည်း မနေ့က နေ့လယ်လောက်ကတည်းက ပျံ့နှံ့ခဲ့ပါသေးတယ်။

ရေကြီးမှုလို သဘာဝဘေးအန္တရာယ်တွေပေါ်ပေါက်လာတဲ့အခါ ဆက်ပြီးကြုံလာရနိုင်တဲ့အခြေအနေတွေ ကို ကြိုတင်ပြင်ဆင်ကာကွယ်ဖို့လိုတဲ့ အခြေအနေတွေရှိပေမယ့် မှန်ကန်ခိုင်မာတဲ့ သတင်းအချက်အလက်တွေ ကိုအခြေခံဖို့လိုပါတယ်။

လက်ရှိမြစ်ကြီးနားမြို့ ရေကြီးမှုနဲ့ ပတ်သက်ပြီး မိုးလေဝသ လေ့လာစောင့်ကြည့်သူတဦးဖြစ်တဲ့ ဦးဝင်းနိုင် က DNAကို အခုလိုရှင်းပြပါတယ်။

“အခုက မိုးတွေတအားများတယ်၊မီလီမီတာ ၄၀၀ကျော်၊ လက်မနဲ့ဆိုရင် တရက်ထဲမှာ၊ တနာရီထဲမှာဆိုရင် ၅ လက်မကနေ ၁၅လက်မလောက်အထိ မိုးရေချိန်တအားများပြီးရွာတယ် အဲ့တာကြောင့် မေခနဲ့ မလိခမြစ် ထဲမှာရေတအားများလာပြီးတော့မြစ်ကြီးနားကို မြစ်ဆုံကနေတဖြည်းဖြည်းဆင်းလာတယ်၊မြစ်ဆုံက လည်း အခုရေကြီးနေတယ်၊ အဲ့တော့ရေခဲတောင်ပြိုတယ်ဆိုတဲ့သတင်းကြီးကအလကား ၊မဟုတ်တဲ့သတင်း ကြီး ဖြစ်နေတယ်” လို့သူကပြောပါတယ်။

ဒီလိုအကြောင်းအရာတွေကို ပြန်လည်မျှဝေတာ၊စာသားတခုလုံးကို ကူးယူပြီးကိုယ်ပိုင်စာမျက်နှာတွေမှာ ပြန်လည်ဖော်ပြကြတာတွေကြောင့် ပျံ့နှံ့မှုပိုမိုအားကောင်းကာ မြေပြင်အခြေအနေဖော်ပြချက်တွေ၊ ပညာ ရှင်တွေရဲ့ ကြိုတင်သတိပေးချက်တွေရောက်သင့်သူတွေဆီရောက်ဖို့အရေးအဟန့်အတားတွေဖြစ်လာစေ နိုင်ပါတယ်။

ဒါကြောင့် ခိုင်မာတိကျမှုမရှိတဲ့၊ ပညာရှင်တွေက တွက်ချက်၊တိုင်းတာ ဖော်ပြထားတာမဟုတ်တဲ့ အကြောင်း အရာအချက်အလက်တွေကို ပြန်လည်မျှဝေရေးသားတာတွေမလုပ်ဖို့ ပညာရှင်တွေက တိုက်တွန်းကြပါ တယ်။

ပြီးခဲ့တဲ့ NLD အရပ်သားအစိုးရလက်ထက်တုန်းကတော့ မိုးလေဝသ၊သဘာဝဘေးတို့နဲ့ပတ်သက်ပြီး သ တင်းအမှားဖြန့်သူတွေကို အရေးယူနိုင်ဖို့ သီးခြားဥပဒေတရပ် ပြဌာန်းနိုင်ရေးဆောင်ရွက်ခဲ့ကြတာမျိုးရှိပါ တယ်။

အဲ့ဒီလို ဥပဒေမျိုးလက်ရှိအချိန်အထိ ပြဌာန်းနိုင်တာမတွေ့ရပေမယ့် ပထမအကြိမ်လွှတ်တော်သက်တမ်း ၂၀၁၃ခုနှစ်က အတည်ပြုပြဌာန်းခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေမှာတော့ သတင်း အမှားဖြန့်သူတွေကို ထောင်ဒဏ်တနှစ်အထိချမှတ်နိုင်ကြောင်း ဖော်ပြထားပါတယ်။

သဘာဝဘေး အန္တရာယ်နဲ့ပတ်သက်ပြီး အများပြည်သူ အထိတ်တလန့်ဖြစ်စေဖို့ရည်ရွယ်ချက်နဲ့ မဟုတ်မမှန် သတင်းလွှင့်သူကိုတနှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမယ်လို့ ဥပဒေကဆိုထားပါတယ်။

လက်ရှိမြစ်ကြီးနားမြို့ ရေကြီးမှုအခြေအနေအပါအဝင် ဧရာဝတီမြစ်နဲ့ တခြားအရေးပါတဲ့ မြစ်တွေရဲ့ ရေ မျက်နှာ ပြင်ပြောင်းလဲမှုအခြေအနေ၊မိုးရွာသွန်းမှုအခြေအနေတိုင်းတာချက်တွေကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်ပေးနေသလို မိုးလေဝသလေ့လာစောင့်ကြည့်သူတွေက နိုင်ငံတကာ မိုး လေဝသထုတ်ပြန်ချက်တွေကိုကိုးကားပြီး ခပ်စိပ်စိပ်သတိပေးနေတာတွေလည်းရှိပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီးတာဝန်ခံမှုရှိတဲ့ သတင်းဌာနတွေကလည်း မြစ်ရေကြီးမှုအခြေအနေတွေနဲ့ ပတ်သက် ပြီး အချိန်နဲ့တပြေးညီသတင်းဖော်ပြပေးနေတာတွေကိုလည်းစောင့်ကြည့်နိုင်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

သဘာဝဘေးဆိုင်ရာ သတင်းအမှားတွေကို ဦးဆောင်လေ့လာခဲ့တဲ့ ဂျပန်နိုင်ငံ ဟယောဂို တက္ကသိုလ်က ပါမောက္ခ မစ္စတာ Kimura Reo ကတော့ သတင်းအမှားတွေကို ကိုယ်တိုင်မဖြန့်ဝေမိဖို့ အခုလို အကြုံပြုပါတယ်။

“သတင်းအချက်အလက်ကို လက်ဆင့်မကမ်းခင်မှာ မှန်မမှန် အတည်ပြုတဲ့အကျင့်ရှိဖို့ အရေးကြီးပါတယ်”