မိုးကုတ်မြို့တွင်းက တိမ်းရှောင်လာသူ ရာနဲ့ချီ ကျပ်ပြင်မှာပိတ်မိနေ

Photo – AK(Fb acc) (တိုက်ပွဲကြောင့် တိမ်းရှောင်လာတဲ့ မိုးကုတ်ဒေသခံတချို့ကိုပြီးခဲ့တဲ့ရက်ပိုင်းကတွေ့ရစဉ်)

ဇွန် ၊ ၃၀ 

မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ ဒေသခံအများအပြား ဒီကနေ့ ဇွန်လ ၃၀ ရက်၊ မနက်အစောပိုင်းက ထွက်ပြေးတိမ်း ရှောင်လာကြပေမယ့် မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်အရောက်မှာ ပိတ်မိနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျပ်ပြင်(မိုးကုတ်အနောက်ပိုင်း)အဝင် ဂေါက်ကွင်းနားလေးရောက်တော့ ဟိုဘက်မှာပစ်သံခတ်သံတွေရှိလို့ ပြန်ကွေ့ပါဆိုပြီး လှည့်ပြန်ခိုင်းတာရှိတယ်၊ သူတို့က ကျပ်ပြင်ထဲမှာပိတ်မိနေတယ်”  လို့ မိုးကုတ်ကနေ ဒီမနက် ထွက်ခွာလာနိုင်ခဲ့သူတဦးက DNA ကိုပြောပါတယ်။ 

အဲဒီလို ပိတ်မိနေတဲ့ ကားအစီးရေ တရာကျော် ရှိနေပြီး ကျပ်ပြင်မှာပဲ ယာယီတည်းခိုနေကြတယ်လို့လည်း သူက ပြောပါတယ်။ 

“ပိတ်ထားတဲ့အဖွဲ့တွေရှိရင်လည်း တောင်းဆိုပြီးသွားကြမယ်ဆိုပြီးထွက်လာတာ၊ မနက် လေးနာရီလောက် ဆို တော့ တချို့ကလည်း မာရှယ်လောတွေဘာတွေလိုမျိုး ကြောက်လို့ နည်းနည်းစောင့်ပြီးမှထွက်လိုက်လာတာ၊ အဲဒီ ကျွန်တော်တို့နောက်မှထွက်လိုက်လာတဲ့အဖွဲ့က ပိတ်မိနေတာ” လို့ အထက်ပါ မိုးကုတ်မြို့ခံက ပြောပါတယ်။ 

မိုးကုတ်မြို့ပေါ်တိုက်ပွဲအတွင်းပိတ်မိနေတဲ့ မြို့ခံတွေလူစုပြီး ဒီကနေ့မနက်အစောပိုင်းကတည်းက ထွက်ခွာခဲ့ကြ တာလို့သိရပါတယ်။တိမ်းရှောင်လာသူတွေဟာ မိုးကုတ်အနောက်ပိုင်းကျပ်ပြင်ဘောလုံးကြီး၊ ဘောလုံးလေး၊ ဆင်ခွာ၊ ကျောက်ပြသာဒ်၊ ဂွေးပင် လမ်းကြောင်းအတိုင်း မန္တလေးဘက် တိမ်းရှောင်ဖို့ ထွက်လာခဲ့ကြတာပါ။ 

အဲ့ဒီစစ်ရှောင်ယာဉ်တန်းပေါ်ကိုလည်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက်ဒဏ်ရာ ရတဲ့သူတွေလည်း ရှိနေတယ်လို့သိရပါတယ်။ 

ရှေ့ဆက်သွားလို့အဆင်မပြေတာကြောင့် မိုးကုတ်ဘက်လှည့်ပြန်ခဲ့သူတဦးကတော့ “ကြောက်လို့ ပြန်လှည့်ခဲ့ တယ်၊ တချို့က ပိတ်မိနေတုန်းအခုထိ အနောက်ပိုင်း၊ ပေပီးတော့ မနေရဲဘူး”လို့ သူ့အတွေ့အကြုံကို လူမှုကွန်ရ က်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ 

မိုးကုတ်မြို့အရှေ့ပိုင်းမှာ မနေ့ ဇွန်လ ၂၉ ရက်နေ့ကစပြီး မြို့တွင်းတိုက်ပွဲတွေ ပိုမိုပြင်းထန်လာကာ လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲတာ၊ လေယာဥ်နဲ့ ပစ်ခတ်ခံရတာတွေကြောင့် အရပ်သားတွေပါထိခိုက် သေဆုံးမှုရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးကုတ်မြို့ကနေ တိမ်းရှောင်နိုင်တဲ့ လမ်းကြောင်း သုံးခုရှိတဲ့အနက် မိုးမိတ်နဲ့ ပြင်ဦးလွင်ဘက်ကို သွားတဲ့ လမ်းတွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေရှိနေတာကြောင့် မြို့ခံတွေအနေနဲ့ ကျပ်ပြင်ကိုဖြတ်ပြီး မန္တလေးဘက် တိမ်းရှောင်နိုင်ဖို့ ကြိုးစားနေကြတာပါ။ 

လက်ရှိမှာတော့ မိုးကုတ်ကနေ မတိမ်းရှောင်နိုင်ဘဲ ပိတ်မိနေသူ ထောင်ချီရှိနေပြီး စားနပ်ရိက္ခာ အခက်အခဲတွေ လည်း ကြုံနေရတယ်လို့ ဆိုပါတယ်။ 

“လတ်တလောဖြစ်လာတဲ့ ပြဿနာက စားနပ်ရိက္ခာပြတ်တယ်၊ တချို့ကြက်သားသည်တွေဘာတွေဆိုရင် ကုန် သွားပြီ၊ ကြက်လည်းမရှိတော့ဘူး၊ မိုးကုတ်မှာစိုက်တဲ့ အသီးအရွက်တော့ နည်းနည်းပါးပါးကျန်အုံးမယ်၊ ဆန် တွေကလည်း ကြောက်အားလန့်အားနဲ့ ဝယ်ကြတာ ဆန်ဆိုင်တွေမှာကုန်ပြီ” လို့ မိုးကုတ်မြို့ခံက ပြောပါတယ်။ 

ဒါ့အပြင် ဇွန်လ ၂၅ ရက် တိုက်ပွဲတွေစဖြစ်တဲ့နေ့ကတည်းက မိုးကုတ်မှာ လျှပ်စစ်မီးပြတ်တောက်နေလို့ ဖုန်း အားသွင်းမရတာ၊ ဖုန်းလိုင်းမရတာတွေကြောင့် ဆက်သွယ်ပြောဆိုကြဖို့လည်း အခက်အခဲရှိနေပါတယ်။ 

ကျပ်ပြင်(မိုးကုတ်မြို့အနောက်ပိုင်း)ရှိ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းတွေကိုတော့ တအာင်းတပ်(TNLA)နဲ့ ပူးပေါင်းတပ်တွေ ဇွန်လ ၂၅ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ကာ လက်ရှိမှာ တိုက်ခိုက်သိမ်းပိုက် ထားနိုင်ပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းမှာတော့ မြို့အလယ်မှာရှိတဲ့ ဗျူဟာစခန်းအကြီးတခုအပါအဝင် စစ်ကောင်စီ တပ်စခန်း အနည်းငယ် ကျန်ရှိနေပြီး အဲဒီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ TNLA နဲ့ ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာနဲ့ ရှမ်းမြောက်က ကျောက်မဲ၊ နောင်ချို၊ မိုးမိတ် စတဲ့ မြို့နယ်တွေရှိ စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဇွန် ၂၅ ရက်ကစလို့ တကျော့ပြန် ထိုးစစ်ဆ င်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေလည်း သောင်းချီရှိလာပြီဖြစ်ပါတယ်။ 

ဒါ့အပြင် မနေ့ ဇွန်လ ၂၉ ရက်က လာရှိုးမြို့နယ်ထဲမှာလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ MNDAA ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

လားရှိုးမြို့မြောက်ဘက် နမ့်ဖူးယိုင်မှာရှိတဲ့ မဟာမိတ်တပ်တွေရဲ့ထိန်းချုပ်နယ်မြေကို စစ်ကောင်စီတပ်တွေဘက် က စတင်ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ခဲ့ပြီးMNDAA တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးပြီး သုံးဦးဒဏ်ရာရ ခဲ့တယ်လို့   MNDAA ကထုတ်ပြန်ထားပါတယ်။

နှစ်ဘက် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းဆိုပါ တယ်။အခုလို စစ်ကောင်စီဘက်က စတင်ထိုးစစ်ဆင်လာတာဟာ ဟိုင်ဂင်သဘောတူညီချက်ကိုချိုး ဖောက် တာဖြစ်ပြီး ရှမ်းမြောက်မှာ တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တယ်လို့ MNDAA ထုတ်ပြန်ချက်မှာဖော်ပြ ထားပါ တယ်။

စစ်ကောင်စီကတော့ လက်ရှိရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းထဲက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆို တာမရှိသေးပါဘူး။