လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသတချို့မှာ လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေလို့ ဒေသခံတွေ အခက်တွေ့

Photo -လားရှိုး လူငယ်များလူမှုကူညီရေးအဖွဲ့

ဇွန် ၊ ၂၉

လတ်တလောတိုက်ပွဲဖြစ်နေတဲ့ မြို့နယ်တွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့မှာ လျှပ်စစ်မီး ရက်ရှည်ပြတ်တောက်နေတာကြောင့် အခက်တွေ့နေကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအဖြစ် ဇွန်လ ၂၅ရက်ကစလို့ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်စတဲ့ မန္တလေးနဲ့ ရှမ်းအစပ်ဒေသတွေမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့နောက် အဲ့ဒီမြို့နယ်တွေအပြင် လားရှိုး၊ သီပေါစတဲ့ မြို့နယ်တွေမှာပါ လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်ပါတယ်။

“ဘာလို့ပျက်သွားမှန်းမသိဘူး၊ စပျက်ကတည်းက မလာတော့တာ၊ မီးမရတော့ အခက်အခဲက မျိုးစုံပါပဲ” လို့ လားရှိုးမြို့ခံ တဦးက DNA ကို ပြောပါတယ်။ 

တိုက်ပွဲတွေစတင်ဖြစ်ပွားပြီးနောက် နမ့်ဆန်မြို့နယ်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေးခွဲရုံက ဓာတ်အားမလွှတ် ပေး တော့တာကြောင့် သီပေါမှာ အခုလို လျှပ်စစ်မီးပြတ်တောက်နေတာလို့ သီပေါမြို့ခံကပြောပေမယ့် DNA အနေနဲ့ အတိအကျတော့ အတည်မပြုနိုင်သေးပါဘူး။ 

“မီးမရတော့ ရေတင်တာ၊ ထမင်းချက်တာ မလွယ်တော့ဘူး၊ ဖုန်းအားလည်း မီးစက်နှိုးတဲ့နေရာတွေမှာ လိုက်သွင်း တာပဲ၊ ရေကတော့ စက်နဲ့လိုက်မောင်းပေးတာတွေရှိတယ်၊ ပိုက်ဆံအဆင်မပြေတဲ့လူတွေကတော့ ကိုယ့်ဟာ ကိုယ်ခပ်ပေါ့” လို့ သီပေါ မြို့ခံ တဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလကလည်း ရှမ်းမြောက်ဒေသတွေမှာ အခုလိုပဲ ကြာလရှည် လျှပ်စစ်မီးပြတ် တောက်တာတွေဖြစ်ခဲ့ဖူးပါတယ်။အခုတကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်နေတဲ့ကာလအတွင်း လျှပ်စစ်မီးပြန်ရဖို့ အလားအလာလည်း မကြားရသေးဘူးလို့ ဒေသခံတွေကပြောကြပါတယ်။

လက်ရှိမှာတော့ လားရှိုးမြို့နဲ့ သီပေါမြို့တွေမှာ မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားတာမျိုးမရှိသေးပေမယ့် မြို့အဝင် အထွက် တွေတော့ ကန့်သတ်ခံနေရတယ်လို့ သိရပါတယ်။

“ဟိုဘက်ဒီဘက် ဘယ်မှသွားခွင့်မပေးတာ၊ ဆန်တွေ၊ ဆီတွေတော့ မြို့ထဲရှိနေတာနဲ့ပဲ စားနေကြတာပေါ့၊ ပိုကြာ လာရင်တော့ ဘယ်လိုလာမလဲမသိသေးဘူး” လို့လည်း အထက်ပါ သီပေါမြို့ခံက ပြောပါတယ်။ 

လားရှိုး-ပြင်ဦးလွင် ကားလမ်းပေါ်မှာရှိတဲ့ ကျောက်မဲနဲ့ နောင်ချိုမြို့တွေကိုတော့ TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်သိမ်းပိုက်ထားပြီး မြို့ခံအများစုလည်း မြို့ထဲမှာပဲ ရှိနေကြသေးတယ်လို့ ဆိုပါတယ်။ 

မြို့ခံတချို့ ပိတ်မိနေကြတဲ့ မိုးကုတ်မြို့မှာတော့ လက်ရှိအချိန်ထိ မြို့တွင်းတိုက်ပွဲတွေ ဆက်ရှိနေဆဲဖြစ်ပြီး လက် နက်ကြီးကျည်တွေ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတာကြောင့် သေဆုံးထိခိုက်တဲ့ အရပ်သားတွေလည်း ရှိနေ ပါတယ်။ 

အဲဒီ နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့တွေမှာလည်း လျှပ်စစ်မီးမရတာကြောင့် ဖုန်းလိုင်းတွေပြတ်တောက်တာ၊ ဖုန်းအားသွင်းမရတာတွေရှိနေလို့ အဝေးရောက် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရတာတွေလည်း ရှိနေပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ အပစ်ရပ်ဖို့ သဘောတူပြီး ငါးလကျော်အကြာမှာ ပြန်လည်ပေါ်ပေါက် လာတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား သောင်းချီရှိလာပြီး သေဆုံးဒဏ်ရာ ရသူတွေလည်း အများအပြားရှိနေပါတယ်။