မော်စကိုမှာ ရွှေ့ပြောင်းလုပ်သားတွေနေတဲ့အဆောင် မီးလောင်ပြီး ငါးဦးထက်မနည်း သေဆုံး

ဇွန်၊ ၂၉

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် ဆင်ခြေဖုံး တနေရာမှာ အဆောင်မီးလောင်မှု တခုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၂၉ ရက် မနက်အစောပိုင်းတုန်းက ဘာလာရှီခါ ဆင်ခြေဖုံး ဧရိယာမှာ မီးလောင်မှု စတင် ဖြစ်ပွားခဲ့တာပါ။ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ နာရီနဲ့ချီ အချိန်ယူပြီး အဲဒီမီးကို ငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှု ပမာဏ ဘယ်လောက်ထိ များပြားသလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ကနဦး စုံစမ်းမှုတွေအရ ဝါယာရှော့ကြောင့် မီးစလောင်ခဲ့တယ်လို့တော့ ဖော်ထုတ် သိရှိထားပါတယ်။

နှစ်ထပ် အဆောက်အအုံ မီးလောင်ကျွမ်းနေစဉ် အတောအတွင်း နေထိုင်သူ တချို့ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ တာဝန်ရှိသူတွေက အဲဒီ အဆောင်မှာ ရှိနေသူ အများစုဟာ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သေဆုံးသူတွေထဲမှာ ဘယ်နိုင်ငံသားတွေ ပါဝင်သလဲ ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

မကြာသေးခင် ရက်ပိုင်းတုန်းကလည်း မော်စကိုမြို့ ဆင်ခြေဖုံး တနေရာမှာရှိတဲ့ ကြီးမားတဲ့ ရုံးအဆောက်အအုံတခု မီးလောင်ခဲ့ရာက လူ ၈ ဦးသေဆုံးခဲ့ပါသေးတယ်။  

Ref: Reuters