သံတွဲမှာ စစ်တပ်က သွားလာခွင့် ပိတ်ပင်၊ ကန့်သတ်ထားလို့ စစ်ရှောင်တွေ ပိတ်မိနေပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြုံနေ

 Photo-Dwayawady Community Base News Agency

ဇွန်၊ ၂၈

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က သွားလာခွင့်နဲ့ ကုန်စည်၊ ဆေးဝါးသယ်ယူခွင့် ပိတ်ပင်၊ ကန်သတ်ထားတာကြောင့် စစ်ရှောင်အများအပြား ပိတ်မိနေပြီး စားနှပ်ရိက္ခာပြတ်တောက်မှုနဲ့လည်း ကြုံနေရတယ်လို့ ဆိုကြပါတယ်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းရှိရာ မြို့နယ်မြောက်ပိုင်းရှိ နယ်မြေအမျာစုကို ထိန်းချုပ်ထားပြီး လေဆိပ်နဲ့ ခမရ ၅၆၆ တပ်ရင်းတို့ကို သိမ်းပိုက်ထားတဲ့ AA ဟာ ငပလီအခြေစိုက် လက်ကျန်တပ်ရင်း ခလရ ၅၅ ကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။

အဲဒီလို စစ်ရေးအထိနာနေတဲ့အခြေအနေမှာ စစ်ကောင်စီတပ်ဟာ ၎င်းတို့ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတဲ့ သံတွဲမြို့နယ်တောင်ပိုင်း သံတွဲ – ဂွလမ်းတလျှောက်စစ်ရေးဂိတ်တွေ တိုးဖွင့်ကာ  ကုန်စည်သယ်ခွင့်နဲ့အသွားအလာတွေကို ကန့်သတ်၊ ဟန့်တားနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ဆန်တွေ၊ ဆေးတွေ လုံး၀မ၀င်တော့ဘူး၊ စစ်တပ်က တားတယ်၊ အခု ဆန်ပြတ်တော့မယ်၊ ဈေးလည်း တအားတက်နေပြီ၊ ပိုက်ဆံရှိတာတောင် ၀ယျလို့မရဘူး၊ မရှိတဲ့သူတွေဆို ငတ်ကြတဲ့အခြေအနေ၊ စစ်ရှောင်တွေ ပိုဆိုးတယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။

သံတွဲဒေသခံတွေဟာ ပြည်မဖက်ကနေ ဧရာ၀တီတိုင်း ငသိုင်းချောင်း – ဂွ -သံတွဲကားလမ်းအတိုင်း ၀ငျလာတဲ့ ကုန်စည်တွေကို အားထားမှီခိုနေကြရတာဖြစ်ပြီး အခုအခါ စစ်ကောင်စီတပ်က အဲဒီလမ်းတလျောက် ရိက္ခာသယ်ခွင့်ကို ပိတ်ထားလိုက်တာကြောင့် ရိက္ခာပြတ်လပ်မှုအခြေအနေနဲ့ ကြုံနေရတာလို့ ဆိုကြပါတယ်။

“ဆန်၊ ဆေး လုံး၀ မယူရဘူး၊ AA ပေးဖို့ခေါင်းစဉ်တပ်ပြီး မသွင်းရဘူး”လို့ စစ်ရှောင်ကူညီပေးနေသူ နောက်တဦးက ပြောပါတယ်။

ဒါ့ကြောင့် သံတွဲမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေဟာ ရိက္ခာနဲ့ ဆေးဝါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သံတွဲမြို့နယ်မှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးရန်ကြောင့် ဒေသခံ သောင်းချီ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး စစ်ရှောင်စခန်းတွေနဲ့ နီးစပ်ရာ မိသားစုနေအိမ်တွေမှာ ခိုလှုံနေကြပါတယ်။

သံတွဲမြို့ပေါ်နဲ့ ငပလီကမ်းခြေတလျှောက်ကျေးရွာတွေမှ ဒေသခံအားလုံးနီးပါး စစ်ရှောင်နေကြရတာဖြစ်ပြီး အများစုဟာ သံတွဲ – ဂွ ကားလမ်းတလလျောက်ကျေးရွာတွေမှာ ခိုလှုံနေကြတာပါ။

ဒါ့အပြင် AA ထိန်းချုပ်ထားတဲ့ဒေသတွေမှ ပြည်သူတွေဟာလည်း စစ်ကောင်စီတပ်ရဲ့လေကြောင်းရန် စိုးရိမ်တာနဲ့ မိမိနေရပ်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေသေးတာတို့ကြောင့် စစ်ဘေးရှောင်စခန်းတွေခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

“ငပလီဖက်မှာ ပိတ်သူတွေ ရှိသေးတယ်၊ AA ကတော့ လမ်းကြောင်းတွေ ဖောက်ပြီး ပို့ပေးနေတာရှိတယ်၊ ဒါပေမယ့် ဘာမှ ယူလာလို့မရတော့ စားဖို့က တော်တော်အခက်အခဲ”လို့ ငပလီကမ်း ခြေကျေးရွာမှ စစ်ရှောင်လာသူအမျိုးသမီးတဦးက ပြောပါတယ်။

AA ဟာ ပြီးခဲ့တဲ့ ဧပြီလလယ်ကတည်းက သံတွဲမြို့နယ်တွင်း ထိုးစစ်တွေ စခဲ့တာပါ။ တိုက်ပွဲကာလနှစ်လကျော်အကြာ လက်ရှိမှာတော့ မြို့နယ်မြောက်ပိုင်းတခုလုံးကို ထိန်းချုပ်ထားပြီး အခြေစိုက်တပ်ရင်းနှစ်ခုထဲက တခုဖြစ်တဲ့ ခမရ ၅၆၆ ကိုပါ သိမ်းပိုက်ထားပြီလို့ စစ်ရေးနီးစပ်သူဒေသခံတွေက ပြောကြပါတယ်။

အခုအခါ ငပလီကမ်းခြေ ဇီးဖြူကုန်းရွာအနီးရှိ ခလရ ၅၅ တပ်ရင်းကို ၀နျးရံပိတျဆို့ကာ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ဖက်က လေကြောင်းတိုက်ခိုက်မှုတွေ ရက်ဆက်ရှိနေတယ်လို့ အနီး၀န်းကျင်မှ ဒေသခံတွေက ပြောပါတယ်။

အခြေစိုက်တပ်ရင်းနှစ်ခုထဲက တခုကို လက်လွှတ်လိုက်ရပြီဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ငပလီကမ်းခြေ ဂျိတ်တောရွာဆိပ်ကမ်းမှာ လက်နက်ကြီးတွေအထိုင်ချ၊ ခံစစ်ပြင်နေတယ်လို့လည်း ဆိုကြပါတယ်။

“၅၅ ကတော့ ထွက်ပေါက်မရှိတော့ဘူး၊ အခု ဂျိတ်တောဖောင်ဆိပ်မှာ အင်အားတိုးချပြီး အခိုင်အမာ စခန်းထပ်လုပ်နေတယ်”လို့ စစ်ရေးနဲ့ နီးစပ်နဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

သံတွဲမြို့နယ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၅၅၊ တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅) လက် အောက်ခံ ခြေမြန်တပ်ရင်း ၅၆၆ နဲ့ သဗြုချိုင်ရေတပ်တို့အခြေစိုက်ထားတာဖြစ်ပြီး ရေတပ်စခန်းကိုတော့ AA က တိုက်ခိုက်တာ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ရေတပ်ကျရင် သံတွဲတနယ်လုံး ရပြီပြောလို့ရတယ်၊ မြို့ပေါ်မှာက စစ်သား ဘယ်လောက်မှ မရှိဘူး”လို့ အထက်ပါ စစ်ရေးနီးစပ်သူက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ရက်မှာ တိုက်ပွဲတွေ ပြန်စခဲ့တဲ့ AA ဟာ တိုက်ပွဲကာလခုနှစ်လကျော်အတွင်း ရခိုင်ပြည် နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်ပြည်နယ်အတွင်းက ကျန်မြို့နယ်အားလုံးပိုပါ ထပ်မံသိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့မြိုနယ်ဟာ သံတွဲမြို့နယ်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွနဲ့ ကျွန်းမြို့ဖြစ်တဲ့မာန်အောင်မြို့နယ်တို့ပဲ ကျန်တော့တာဖြစ်ပါတယ်။