ဥရောပ ကောင်စီ အကြီးအကဲအဖြစ် ဗွန်ဒါလီယန် ဆက်လက် အရွေးချယ်ခံရ

ဇွန်၊ ၂၆

ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေဟာ လက်ရှိ ဥရောပ ကောင်စီ ဥက္ကဋ္ဌဖြစ်တဲ့ အာဆူလာ ဗွန်ဒါလီယန်ကို နောက်ထပ် ၅ နှစ်သက်တမ်း ဆက်ရှိနေဖို့ တာဝန် အပ်နှင်းခဲ့ကြပါတယ်။

အခုသီတင်းပတ်အတွင်း ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ကျင်းပတဲ့ EU ထိပ်သီး အစည်းအဝေးမှာ ဗွန်ဒါလီယန်ဟာ အခုလိုမျိုး ဥရောပ အစုအဖွဲ့ရဲ့ အဆင့်အမြင့်ဆုံး ရာထူးနေရာကို ဆက်လက် ထိန်းသိမ်းထားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

အက်စ်တိုးနီးယား ဝန်ကြီးချုပ် ခါဂျာ ကာလက်စ်ဟာ EUရဲ့ နိုင်ငံခြားရေး ဌာန အကြီးအကဲသစ် ဖြစ်လာပြီး ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း အန်တိုနီယို ကော်စတာကတော့ EU ထိပ်သီး အစည်းအဝေးတွေရဲ့ ဥက္ကဋ္ဌ ရာထူးအတွက် ရွေးချယ် ခံခဲ့ရပါတယ်။

အဲဒီ ၃ ယောက်လုံးဟာ အလယ်အလတ် လမ်းစဉ်ကို ဆွဲကိုင်ပြီး EUနဲ့ ပူးပေါင်းလုပ်ဆောင်ရေးကို လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေဆီက ဖြစ်ကြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ လက်ယာယိမ်း အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီဆီက ဝေဖန်ကန့်ကွက်လိုတဲ့ အရိပ်အယောင်တချို့ ပြသခဲ့ပါသေးတယ်။ သူက အခုရွေးချယ်မှုတွေဟာ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ EU ရွေးကောက်ပွဲတွေမှာ လက်ယာယိမ်း ပါတီတွေ အနိုင်ရခဲ့တဲ့ အခြေအနေနဲ့ ဆန့်ကျင်ဖက် ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။

နောက်ဆုံး ရွေးချယ်မှုတွေမှာတော့ မယ်လိုနီဟာ ဗွန်ဒါလီယန်နဲ့ ပတ်သက်လို့ မဲမပေးဘဲ နေခဲ့ပြီး ကော်စတာနဲ့ ကာလက်စ်တို့ကိုတော့ ကန့်ကွက်မဲ ပေးခဲ့ပါတယ်။

လေ့လာသူတွေကတော့ အခုနှစ် EU ရွေးကောက်ပွဲတွေမှာ လက်ယာယိမ်း အမျိုးသားရေးဝါဒီ အင်အားစုတွေ သိသိသာသာ အခြေအနေ ကောင်းခဲ့ခြင်းက EUရဲ့ မူဝါဒတွေ ရှေ့ဆက် ချမှတ်ရာမှာ ပိုပြီး ရှုပ်ထွေးတဲ့ အခြေအနေတွေ ကြုံလာရစေနိုင်တယ်လို့ သုံးသပ် ပြောဆိုထားကြပါတယ်။

Ref: Guardian