Photo – မြိုင် ပကဖ
ဇွန်၊ ၂၆
မကွေးတိုင်းမြိုင်မြို့နယ်မှာ သံဃာတော်တွေက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့ကြပြီး စုစုပေါင်း သံဃာတော် အပါးတရာလောက်ပါဝင်ခဲ့ကာ မြိုင်ပကဖနဲ့ ဒကာ၊ဒကာမတွေက ဝန်းရံပေးခဲ့ကြတယ် လို့သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ပဲခူးမြို့က ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်တော်မူခဲ့တဲ့နောက် စစ် ကိုင်းနဲ့မကွေးတိုင်းတို့မှာ စစ်ကောင်စီကို သံဃာတော်တွေက ကံဆောင်သပိတ်မှောက်မှုတွေ ဆက်တိုက်ပေါ် ပေါက်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ဒီပဲယင်း၊တန့်ဆည်နဲ့ဆားလင်းကြီးမြို့နယ်တွေမှာ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ အန္တိအဂ္ဂိဈာပန နောက်ဆုံးနေ့ကျင်းပတဲ့ ဒီကနေ့မှာတော့ မြိုင်မြို့နယ်သံဃာတွေက ဆက်လက်ကံဆောင်သပိတ်မှောက် ကြ တာပါ။
မြိုင်မြို့နယ်ဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်း တဲ့ဒေသတွေထဲက တခုဖြစ်ပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကံသုံးဆင့်ဆရာတော်တို့ဟာ မန္တလေးမြို့မှာ ရွှေကျင်နိကာယဗဟိုအစည်းအဝေး တက် ဖို့သွားရင်း ဇွန်လ ၁၉ရက်က ငါန်းဇွန်းမြို့နယ်အတွင်းပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ခဲ့ပါတယ်။
ဒီကနေ့ ပဲခူးမြို့မှာ ကျင်းပနေတဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ အန္တိမဈာပန နောက်ဆုံးနေ့ကို စစ်ကောင်စီ သာသနာ ရေးဝန်ကြီးနဲ့တိုင်းအစိုးရအဖွဲ့တွေရောက်နေကြသလို မဟနဥက္ကဌ သန်လျင်မင်းကျောင်းဆရာတော်လည်းကြွ ရောက်ပြီးတရားဟောကြောခဲ့ပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ရုပ်ကလာပ်ကို ဒီကနေ့ပဲခူးမြို့မှာ မီးပူဇော်မှာဖြစ်ပြီး ဆရာတော်ရဲ့ အရိုးပြာတွေကို တော့ မနက်ဖြန်မှာ စစ်တောင်းမြစ်ထဲ မျှောချပူဇော်မှာဖြစ်ပါတယ်။