မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦး ရိုက်နှက်ခံရလို့ သေဆုံး

Photo – PPNM

ဇွန် ၊ ၂၆

မန္တလေးမြို့ အိုးဘိုဗဟိုအကျဉ်းထောင်မှာ ဖမ်း ဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်(ခ)ကိုထက် ဆိုသူကို အကျဉ်းဦးစီးဝန်ထမ်း တွေက ဥပဒေမဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဒီလ ၂၁ ရက်မှာ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)တာဂန်ရှိသူကိုသိုက်ထွန်းဦးကပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုထက်ရန်နိုင်ကို ထောင် အာဏာပိုင်တွေနဲ့ အကျဉ်းသားတချို့က ဝိုင်းဝန် ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ပေမယ့် နှလုံးရောဂါကြောင့် သေဆုံးတာလို့ အကျဉ်းထောင်ရဲ့ ဆေးစာမှာ ဖော်ပြထားတယ်လို့ သူကပြောပါတယ်။

“ အကျဉ်းဦးစီးဘက်ကတော့ နှလုံးရောဂါနဲ့သေဆုံးတာလို့ သတင်းလွှင့်ထားတာရှိပါတယ်၊ သူတို့ရဲ့ ဆေးစာမှာ၊ ဒီလိုမျိုး ပညာတတ်ပါတယ်ဆိုတဲ့ ထောင်ဆရာဝန်တွေတောင် အာဏပိုင်တွေအကြိုက်လုပ်နေတာတွေ့နေရတယ် “ လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ 

ကိုထက်ရန်နိုင်ဟာ ဒီလ ၂၀ ရက်နေ့က အမျိုး သားအိပ်ဆောင်(၃)မှာ အခန်းစာရေးအဖြစ် လုပ် ကိုင်နေတဲ့ အကျဉ်းသားတဦး မူးယစ်ဆေး ဝါး အရောင်းအဝယ်လုပ်နေတာကို လက်ပူးလက်ကြပ် မိခဲ့လို့ အကျဉ်းထောင်ဝန်ထမ်းတွေဆီ တိုင်တန်းဖို့ ကြိုးစားခဲ့ပေမယ့် အခန်းသူကြီးတန်းစီးက ကြား ဝင်ညှိနှိုင်းပေးတာကြောင့် ပြေလည်မှုရခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အခန်းစာရေးအကျဉ်းသားကကိုထက်ရန်နိုင်အပေါ် ကျေနပ်မှုမရှိဘဲ  အဆောင်(၃) ရဲ့ ဒုအဆောင်မှူးတပ်ကြပ် ဇေယျာအောင်ဆီ လုပ်ကြံလီဆယ် တိုင်တန်းခဲ့တာကြောင့် အကြောင်းမဲ့ ရိုက်နှက်ခံခဲ့ရတယ်လို့ PPNM က ဆိုထားပါတယ်။

ဒါအပြင်ကိုထက်ရန်နိုင်ဟာအကျဉ်းထောင်ဝန်ထမ်းတွေက်ို ကလန်ကဆန်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်ကြပ်ဇေယျာအောင်၊ တပ်သားမြတ်မင်းသူ၊ တပ်သားမိုးမင်းထက် ၊ အကျဥ်းသားဖိုးကေ နဲ့ အခြားအကျဉ်းထောင်ဝန်ထမ်းတွေက ဝါးဆစ်ပိတ်တုတ်၊ သံတုတ်၊ကျဉ်စက်တွေနဲ့  ဝိုင်းဝန်းရိုက်နှက်တာကိုလည်းခံခဲ့ရသေးတယ်လို့ဆိုပါတယ်။

ဒီလိုရိုက်နှက်နှိပ်စက်မှုတွေထောင်ပိုင်လေး ဦးဇော် ထွန်းက ခွင့်ပြုခဲ့တာလို့ PPNM က ဖော်ပြထားပါ တယ်။

အဲဒီလို ရိုက်နှက်မှုတွေကြောင့် ကိုထက်ရန်နိုင်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးခေါင်းမှာ ညိုမဲဒဏ်ရာတွေ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပေမယ့် အကျဉ်းထောင်ဆေးရုံမှာ လုံလောက်တဲ့ဆေးဝါးကုသမှုမပေးဘဲ အရူးတိုက်မှာ ပိတ်လှောင်ထားခဲ့တယ်လို့ PPNM ကဆိုထားပါတယ်။

အဲဒီနောက် အသက်သေဆုံးခါနီးမှ မန္တလေးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ပြီး ရိုက်နှက်ခံရမှုတွေကြောင့်ပဲသေဆုံးသွားတယ်လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။

“ သူရဲ့ရုပ်အလောင်းကိုလည်း အကျဉ်းဦးစီးဌာနကပဲ ဦးဆောင်ပြီး သင်္ဂြိုလ်လိုက်တာပေါ့ “ လို့ သူကပြောပါတယ်။

ကိုထက်ရန်နိုင်ဟာရာဇသတ်ကြီးပုဒ်မ-၅၂(က)နဲ့စစ်ကိုင်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် လေးနှစ်  ချမှတ်ခံထားရသူဖြစ်ပြီး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတာပါ။ 

၂၀၂၁ခု နှစ် အာဏာသိမ်းချိန်ကနေလက်ရှိအထိ စစ်ကောင်စီလက်ချက်နဲ့ လူဦးရေ ၅၃၀၀ ကျော်သေဆုံးခဲ့ပြီး အဲ့ဒီအထဲက လေးပုံတပုံဝန်းကျင်ဟာ ဖမ်းဆီးခံထားရချိန်အတွင်းသေဆုံးတာလို့ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)ကအတည်ပြုထားတဲ့အချက်အလက်တွေမှာဖော်ပြပါတယ်။