ဇွန်၊ ၂၅
စစ်ဘက်နဲ့ အရပ်ဖက် ပူးတွဲ အသုံးပြုတဲ့ လေဆိပ်တွေမှာ အရပ်သား ခရီးသည်တွေဟာ လေယာဉ် ပြတင်းပေါက်တွေကို လိုက်ကာနဲ့ ပိတ်ထားရမယ်လို့ တရုတ် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။
လေယာဉ်ဟာ လေဆိပ်ကနေ ပျံသန်းထွက်ခွာသွားတဲ့ အချိန်မတိုင်ခင်ထိ ခရီးသည်တွေရဲ့ ဘေးဖက် ပြတင်းပေါက်မှန်တွေကို ဖုံးကွယ်ထားစေရမှာ ဖြစ်တယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ အဲဒီ အမိန့်ဟာ စစ်တပ်က ပူးတွဲ အသုံးပြုနေတဲ့ လေယာဉ်ကွင်းတွေနဲ့သာ အကျုံးဝင်ပါတယ်။
အဲဒီ ကြေညာချက်ဟာ တရုတ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ယူပြီး ပေါက်ကြားစေတာမျိုးကနေ လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ လိုက်နာမှု မရှိဘူးဆိုရင် ဥပဒေကြောင်းအရ တုံ့ပြန် အရေးယူတာမျိုး နောက်ဆက်တွဲ ပြဿနာတွေပါ ကြုံလာရနိုင်ခြေ ရှိနေပါတယ်။
အဲဒီ ကန့်သတ်ချက်ဟာ စစ်ဘက်-အရပ်ဖက် ပူးတွဲအသုံးပြုတဲ့ လေဆိပ်တွေနဲ့သာ သက်ဆိုင်ပါတယ်လို့ အာဏာပိုင်တွေက ပြောပေမယ့် တရုတ်တနိုင်ငံလုံးမှာ ရှိသမျှ လေဆိပ်အားလုံးရဲ့ သုံးပုံတပုံလောက်ဟာ အဲဒီလိုမျိုး ပူးတွဲ အသုံးပြုနေကြတာ ဖြစ်ပါတယ်။
အရင်ကလည်း တရုတ်စစ်တပ်ဟာ နိုင်ငံရဲ့ ခေတ်အမီဆုံး နည်းပညာမြင့် J-20 ကိုယ်ပျောက် တိုက်လေယာဉ်တွေရဲ့ ဓာတ်ပုံတချို့ အပါအဝင် စစ်ရေး သတင်း အချက်အလက်တွေ ပေါက်ကြားမှုကြောင့် အဲဒီလို ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးသူတွေကို ထောင်ဒဏ်ချမှတ်နိုင်ကြောင်း သတိပေး ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
Ref: SCMP