ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ရမှုအတွက် စစ်ခေါင်းဆောင်တောင်းပန်တဲ့အကြောင်း နိုင်ငံပိုင်မီဒီယာတွေ မဖော်ပြ

Photo – ဝင်းနိမ္မိတာရုံစာသင်တိုက်

ဇွန်၊ ၂၅

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် က ကိုယ်စားလှယ်အဖွဲ့စေလွှတ်ကာ စာပေးပို့တောင်းပန်ခဲ့ပေမယ့် အဲ့ဒီလိုတောင်းပန်တာကို နိုင်ငံပိုင်နဲ့စစ်တပ်ပိုင် သတင်းဌာနတွေအားလုံးမှာ ဖော်ပြမှုမရှိဘဲ သတင်းထိန်ချန်ထားတာတွေ့ရပါတယ်။

စစ်ကောင်စီဘက်က တောင်းပန်လျှောက်ထားလာမှုနဲ့ပတ်သက်လို့ ဝင်းနိမ္မိတာရုံဆရာတော်နဲ့အတူ ကြခတ်ဝိုင်း စာသင်တိုက်မှာ သီတင်းသုံးခဲ့ပြီး သက်တော် ၈၄နှစ်အရွယ် ရှိပြီဖြစ်တဲ့ လက်ရှိ ကြခတ်ဝိုင်းဆရာတော်က“မေ့ ဖျောက်ဖွယ်ရာတော့မဖြစ်နိုင်ဘူး”လို့ တုံ့ပြန်မိန့်ကြားခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆရာတော်တွေဆီ သာသနာရေး ဝန်ကြီးဦး ဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး တောင်းပန်ခဲ့တဲ့အကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား၊သတင်းစာတွေနဲ့စစ်တပ်ပိုင် မြဝတီရုပ်သံ၊မြဝတီသတင်းစာတို့မှာ သတင်းဖော်ပြတာမရှိသလို စစ်ကောင်စီရဲ့ အွန်လိုင်းသတင်းထုတ်ပြန်ရေးပလက်ဖောင်းတွေမှာလည်း ဖော်ပြထားတာမတွေ့ရပါဘူး။

စစ်ကောင်စီဟာဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရပြီး ပျံလွန်တာနဲ့ပတ်သက်လို့PDFတွေလက်ချက်ဖြစ်ကြောင်း၊ အဲ့ဒီနောက်ဗိုလ်မှူးချုပ်ဇော်မင်းထွန်းရဲ့ရှင်းလင်းချက်စတာတွေကိုသာထုတ်ပြန်ခဲ့ပြီး တခြားထင်ရှားတဲ့ ဆရာ တော်တွေပျံလွန်ချိန်ကလိုနိုင်ငံပိုင်မီဒီယာတွေကနေ ထေရုပ္ပတ္တိအပြည့်အစုံဖော်ပြတာမျိုးလည်း ဒီကနေ့ အထိ မရှိသေးပါဘူး။

မနေ့က စစ်ခေါင်းဆောင်က ကိုယ်စားလှယ်လွှတ်ပေးပို့ခဲ့တဲ့ တောင်းပန်စာမှာတော့ “ဆရာတော်ကြီး ဆုံးရှုံးခဲ့ရ သည့်အတွက် တပည့်တော်အနေဖြင့် ဝမ်းနည်းကြေကွဲရသည့်အပြင် အလေး အနက် ထား၍ တောင်းပန်အပ် သည် ကို လျှောက်ထားအပ်ပါသည်”လို့ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်တဲ့ ဒေသဟာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ နယ်မြေမတည်ငြိမ်ရာဒေသဖြစ်ပြီး ဆရာတော်နှစ်ပါးအနေနဲ့လည်း သာသနာရေးဆိုင်ရာ အမှတ်အ သားတွေမပါတဲ့ အရပ်ဘက်ယာဉ်နဲ့လိုက်ပါလာတာ၊လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးချိန်မှာ ဆက်လက်မောင်းနှင် သွားတာတွေကြောင့် ပစ်ခတ်ခံခဲ့ရတာလို့လည်းဆိုထားပါတယ်။

ဆရာတော်နှစ်ပါးလိုက်ပါလာတဲ့ကားကို PDF တွေက ပစ်ခတ်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ကနဦးထုတ်ပြန်ခဲ့  တာနဲ့ပတ်သက်လို့တော့စစ်ခေါင်းဆောင်ရဲ့ တောင်းပန်စာမှာ တစုံတရာ ထည့်သွင်းဖော်ပြရှင်းလင်းထားတာမရှိ ပါဘူး။

စစ်ကောင်စီဘက်က ဒီလိုလျှောက်ထားလာတဲ့ပတ်သက်လို့ ကြခတ်ဝိုင်းဆရာတော်က “လျှောက်ထားတဲ့ အတွက် တော့သိရှိရပြီပေါ့လေ၊ဝမ်းနည်းဖွယ်ရာ၊ကြေကွဲဖွယ်ရာ၊မေ့ပျောက်ဖွယ်ရာတော့မဖြစ်နိုင်ဘူး၊ဝမ်းနည်းပါတယ်၊ကြေကွဲပါတယ်၊ဒါပေမယ့်…. ဒါပဲပြောချင်တယ်”လို့ ပြန်လည်မိန့်ကြားခဲ့တာပါ။

ဝင်းနိမ္မိတာရုံဆရာတော်ဟာ ရှင်သာမဏေအရွယ်ကတည်းက ကြခတ်ဝိုင်းစာသင်တိုက်မှာ သီတင်းသုံးခဲ့ကာ ပဥ္စမ မြောက်ကြခတ်ဝိုင်းဆရာတော်ရဲ့တပည့်ရင်းဖြစ်ပါတယ်။လက်ရှိကြခတ်ဝိုင်းဆရာတော်ကတော့ကြခတ်ဝိုင်း ကျောင်းတိုက်ရဲ့ ဆဌမမြောက်ဆရာတော်ပါ။

လက်ရှိကြခတ်ဝိုင်းဆရာတော်နဲ့ဝင်းနိမ္မိတာရုံဆရာတော်တို့ဟာတခြားဦးဆောင်ဆရာတော်တွေနဲ့အတူပဥ္စမ မြောက်ကြခတ်ဝိုင်းဆရာတော်ရဲ့လက်အောက်မှာ ကြခတ်ဝိုင်းစာသင်တိုက်ကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာ အတူ ဦးဆောင်ကြီးကြပ်ခဲ့တာဖြစ်တယ်လို့ အန္တိမဈာပနကျင်းပရေးကော်မတီဝင်ဆရာတော်တပါးက အထက်ပါတွေ့ဆုံ  မှုအတွင်း ရှင်းပြပါတယ်။

“စည်းနဲ့ကမ်းနဲ့စနစ်နဲ့ သန့်ရှင်းသပ်ရပ်တည်ငြိမ်မှုကိုအလွန်လိုလားတော်မူတဲ့(ဝင်းနိမ္မိတာရုံ)ဆရာတော်ဘုရားကြီး ဟာ သူ့ရဲ့မလိုလားအပ်တဲ့အခြင်းအရာနဲ့ နိဂုံးချုပ်ရတာကိုဝမ်းနည်းရတာပါ”လို့ အန္တိမဈာပနကျင်းပရေး ကော်မတီ ဝင်ဆရာတော်က မိန့်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဟောင်း ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကံသုံးဆင့်ဆရာတော်တို့ဟာ မန္တလေး မြို့ကို ရွှေကျင်နိကာယဗဟိုအစည်းအဝေးတက်ဖို့သွားရင်း ငါန်းဇွန်မြို့နယ်ထဲမှာ ဇွန်လ ၁၉ရက်က ပစ်ခတ်ခံခဲ့ ရတာပါ။

ဒီပစ်ခတ်ခံရမှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်ခဲ့ကာ ကံသုံးဆင့်ဆရာတော်နဲ့ ဆရာတော်တွေကိုပို့ ဆောင် ပေးခဲ့တဲ့ ယာဉ်မောင်းတို့ကတော့ ဒဏ်ရာတွေရခဲ့ကြပါတယ်။ဒီပစ်ခတ်မှုကို PDF တွေကျူးလွန်တာလို့ စစ် ကောင်စီက ကနဦးသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် FAW ကားပေါ်က စစ်ဗိုလ်၊စစ်သားတွေပစ်ခတ်တာဖြစ်ကြောင်း အခင်းဖြစ်အပြီး နောက်တရက်မှာကံ သုံးဆင့်ဆရာတော်က ဖွင့်ချခဲ့တာကြောင့် စစ်ကောင်စီက သူတို့ရဲ့သတင်းထုတ်ပြန်မှုကိုပြန်လည်ပြင်ဆင်ခဲ့ရာကာ အဖြစ်မှန်ဖော်ထုတ်အရေးယူမယ်လို့ဆိုထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တောင်းပန်စာမှာလည်း အရေးယူဆောင်ရွက်မှုတွေကိုအလေးထားဆောင် ရွက်မယ်လို့ ဖော်ပြထားပါတယ်။ ရွှေကျင်နိကာယသာသနာပိုင်အဖြစ်လက်ရှိတာဝန်ယူ နေတဲ့သီတဂူဆရာတော် ကတော့ ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရပြီးပျံလွန်မှုကို သည်းခံ၊ခွင့်လွှတ်၊မေ့ဖျောက်ဖို့ မိန့်ခဲ့တာကြောင့်ဝေဖန် ခံနေရပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်ခဲ့တာ၊စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုက အဖြစ်မှန်နဲ့ကွဲလွဲတာတွေဖြစ်ခဲ့ တဲ့ နောက် သံဃာထုကြား စစ်ကောင်စီအပေါ် ဝေဖန်မှုတွေမြင့်တက်လာပါတယ်။

အာဏာသိမ်းမှုကို ခုံခံတော်လှန် မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းက ဒေသတချို့မှာရှိတဲ့သံဃာတွေကတော့ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုတွေစတင်ပြုလုပ်နေကြပါတယ်။