ဝင်းနိမ္မိတာရုံဆရာတော်ကိုပျံလွန်အောင်ပစ်ခတ်ပြီး သတင်းလိမ်ထုတ်တဲ့စစ်ကောင်စီကို သည်းခံ၊ခွင့်လွှတ်ဖို့ သီတဂူမိန့်

ဇွန် ၊ ၂၂

ပဲခူးမြို့က ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်ပြီး ကံသုံးဆင့်ဆရာတော်နဲ့ ယာဉ်မောင်းတို့ဒဏ်ရာရစေခဲ့တဲ့ စစ် ကောင်စီတပ်ရဲ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ သည်းခံ၊ခွင့်လွှတ်၊မေ့ပျောက်ဖို့ သီတဂူဆရာတော်က မိန့်ဆိုလိုက်ပါ တယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်ကိုအပူဇော်ခံထားရှိရာ ပဲခူးမြို့ကဝင်းနိမ္မိတာရုံစာသင်တိုက်ကို ဒီကနေ့ကြွရောက်ချိန်မှာ သီတဂူဆရာတော်က သံဃာတွေကို အဲ့ဒီလို မိန့်ခဲ့တာဖြစ်ပါတယ်။

“ပြန်ပြင်လို့မရတော့တဲ့ဒီအမှား၊တစုံတယောက်မှားတဲ့ဒီအမှားကို တပည့်တော်တို့သံဃာတော်တွေက အားပေးမိ ရာမရောက်အောင်၊ထပ်ပြီးတော့လည်းမမှားမိအောင် သည်းခံခြင်း၊ခွင့်လွှတ်ခြင်း၊မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်း စောင့်ရှောက်တော်မူကြပါ”လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံ့အခြေအနေဟာညီညွတ်မှုအရေးကြီးနေပြီး အစိုးရနဲ့သံဃာလက်မတွဲနိုင်ရင် တိုင်းပြည်ဒုက္ခဖြစ်နိုင်တဲ့ အခြေအနေလို့လည်း မိန့်ပါတယ်။

“တိုင်းသူပြည်သားလူအများကိုလည်းငဲ့ညှာ၊တိုင်းပြည်ရဲ့ ငြိမ်သက်မှု၊ union united ဆိုတဲ့ညီညွတ်မှုကိုလည်း အား ပေးတဲ့အနေနဲ့ တစ် သည်းခံတော်မူကြပါ၊နှစ် ခွင့်လွှတ်တော်မူကြပါ၊သုံးကမေ့ပျောက်တော်မူကြပါ”လို့ သီတဂူ ဆရာတော်က ဆိုပါတယ်။

လက်ရှိအာဏာသိမ်းကာလအတွင်း ၂၀၂၃ နှစ်ဆန်းပိုင်းတုန်းက သီတဂူနာယကဆရာတော်တပါး စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ ကျေးရွာကိုခေတ္တရောက်နေချိန် စစ်ကောင်စီနဲ့ပျူစောထီးတွေစစ်ကြောင်းထိုးတာနဲ့ကြုံပြီး ပစ်ခတ် သတ်ဖြတ်ခံရဖူးပါတယ်။

ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ အဲ့ဒီဖြစ်စဉ်ကို PDF တွေက ကျုးလွန်တာဆိုတဲ့ သတင်းမှားတွေသာ လွှင့်ခဲ့ ပြီး ဝန်ခံဖြေရှင်းတာမျိုးမရှိသလို သီတဂူဆရာတော်ကလည်း တပည့်သံဃာတပါးသတ်ဖြတ်ခံရမှုကို တစုံတရာ ထုတ် ဖော်ပြောဆိုတာမရှိခဲ့ပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို “သာသနာပြုမင်း”လို့ထုတ်ဖော်ချီးကျူးထားတဲ့သီတဂူဆရာတော်ဟာ လက်ရှိ ရွှေကျင်သံဃာ့ဂိုဏ်း(ရွှေကျင်နိကာယ)ရဲ့ တွဲဘက် သာသနာပိုင်အဖြစ်တာဝန်ယူ ထားတာဖြစ်ပြီး အဲ့ဒီအစည်း အ ဝေးတက်ဖို့မန္တလေးမြို့ သွားရင်း ငါန်းဇွန်မြို့နယ်ထဲမှာ ပစ်ခတ်ခံခဲ့ရတဲ့ ဝင်းနိမ္မိတာ ရုံဆရာတော်နဲ့ ကံသုံးဆင့် ဆရာတော်တို့က ဗဟိုအလုပ်အမှုဆောင်တွေဖြစ်ပါတယ်။

ရွှေကျင်နိကာယ ဗဟိုအစည်းအဝေးမကျင်းပနိုင်တာကြာပြီဖြစ်လို့အစည်းအဝေးကျင်းပဖို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဆရာတော်တွေက လျှောက်ထားလာတာကြောင့် အစည်းအဝေးကျင်းပဖို့ပြင်ဆင်ခဲ့တာဖြစ်ပြီး တက် ရောက်ဖို့ ရည်ရွယ်ခဲ့တဲ့အကြောင်းလည်း သီတဂူဆရာတော်က ရှင်းပြခဲ့ပါသေးတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်စေခဲ့တဲ့ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ကနဦးမှာ PDF တွေလက် ချက်လို့ ထုတ်ပြန်ခဲ့ပေမယ့် ကိုယ်တိုင်ကြုံခဲ့သူ ကံသုံးဆင့် ဆရာတော်က “စစ်ဗိုလ်၊စစ်သား”တွေက ပစ်ခတ် တာဖြစ်တဲ့ အကြောင်း လူသိရှင်ကြား ဖွင့်ချခဲ့တဲ့ နောက်စစ်ကောင်စီကအဖြစ်မှန်ကိုပြန်လည်စစ်ဆေးဖော်ထုတ် နေတယ် လို့ပြောထားပါတယ်။

သီတဂူဆရာတော်က သူ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံကို ဆေးကုသဖို့ကြွရောက်မှာဖြစ်တာကြောင့် ဝင်းနိမ္မိတာရုံ ဆရာတော်ရဲ့ အန္တိမဈာပနကျင်းပချိန်မှာ ကြွရောက်နိုင်မှာမဟုတ်တဲ့အကြောင်းသံဃာတွေကို အသိပေးမိန့်ကြားခဲ့ ပါသေးတယ်။

“ဘန်ကောက်မှာကမြန်မာနိုင်ငံကသံဃာတော်တွေရော၊လူတွေရောဆေးရုံတကာ့ဆေးရုံတွေမှာခြေချင်းလိမ်နေအောင်သွားနေကြတာဆိုတော့ အဲ့ဒီလောက်လူစည်ကားတဲ့နေရာတွေတပည့်တော်ကရှောင်တယ်၊ဒါကြောင့် ဆွစ် ဇာလန်သွားပြီးဆေးစစ်မယ်”လို့ သူကမိန့်ပါတယ်။