ဆရာတော်တွေပစ်ခတ်ခံရမှုကို စစ်ကောင်စီပြောခွင့်ရဝန်ခံ၊ ယာဉ်မောင်းနဲ့ တော်လှန်ရေး အင်အားစုတွေကို အပြစ်တင်

Photo – MRTV

ဇွန်၊ ၂၁

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်ခဲ့ရတာနဲ့ ပတ်သက်ပြီး စစ်ကောင် စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကဝမ်းနည်းကြောင်းပြောပေမယ့်တောင်းပန်ခဲ့တာမရှိသလို ယာဉ်မောင်း၊တော် လှန်ရေးအင်အားစုတွေနဲ့ မီဒီယာတွေကိုသာ ပြစ်တင်ပြောဆိုခဲ့ပါတယ်။

“တန်ဖိုးရှိထင်ရှားကျော်ကြားလှတဲ့သံဃာတော်အရှင်သူမြတ်တပါးဆုံးရှုံးခဲ့ရလို့ များစွာဝမ်းနည်းကြေကွဲရပါတယ်” လို့ သူကပြောပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကံသုံးဆင့်ဆရာတော်တို့ လိုက်ပါလာတဲ့ယာဉ် မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်အတွင်း ပစ်ခတ်ခံခဲ့ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက PDF တွေလက်ချက်လို့ထုတ်ပြန်ပေမယ့် ကံသုံးဆင့် ဆရာတော်က စစ်သားတွေလက်ချက်လို့ဖွင့်ချခဲ့ပြီး ဝေဖန်မှုတွေမြင့်တက်လာတဲ့နောက် ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေက ဒီကနေ့ ရှင်းပြောဆိုခဲ့တာပါ။

“အရပ်ကား၊SURF ကားက ကျော်တက်မောင်းနှင်သွားတဲ့အချိန်မှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆို တာအကြမ်းမျဉ်းသိရှိရပါတယ်”လို့ သူကဝန်ခံပြောဆိုပါတယ်။

အခင်းဖြစ်နေ့မတိုင်ခင် ဇွန်လ ၁၈ရက်ညပိုင်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက မြို့သာနယ်မြေရဲစခန်းကို ဆိုင်ကယ်သုံးစီးနဲ့လာကာ ပစ်ခတ်တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင်တဦးနဲ့ ရဲစခန်းအနီးက အရပ်သားတဦးသေ ဆုံးခဲ့တယ်လို့ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဇွန် ၁၈ရက်က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန် ထားပေမယ့် သေဆုံးသူတွေဟာ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ ပျူစောထီးခေါင်းဆောင်တဦးဖြစ်တယ်လို့ ပြောထားတာပါ။

ဆရာတော်တွေပစ်ခတ်ခံရတဲ့ ဇွန် ၁၉ရက်မနက်အစောပိုင်းကလည်း တော်လှန်ရေးတပ်တွေက ဆီမီးခုံ-မန္တလေး ပြေးဆွဲနေတဲ့ ပြည့်စုံအောင်ယာဉ်လိုင်းကကားတစီးကိုခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းပေးချက်အရ စစ်ကောင် စီတပ်တွေစစ်ကြောင်းနှစ်ကြောင်းခွဲပြီး လိုက်လံပိတ်ဆို့ရာက နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီအခြေအနေကိုတော့ ဒေသခံ တော်လှန်ရေးတပ်တွေက ဒီကနေ့အထိ ထုတ်ပြန်တာမရှိသေးတာကြောင့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ ငါန်းဇွန်မြို့ဘက်ကနေ လမ်းကြောင်းနှစ်ခုခွဲလာတဲ့ စစ်ကောင်စီတပ်တွေထဲ က ငါန်းဇွန်-မြို့သာလမ်းအတိုင်းလာတဲ့ စစ်ကြောင်းဟာ ကမ္မရွာအနီးအရောက် ဆရာတော်တွေပါလာတဲ့ ကားကို ပစ်ခတ်ခဲ့တာလို့ သူကပြောပါတယ်။

“ရန်သူ၊မိမိ၊သာမာန်ပြည်သူလူထုကို ရုတ်တရက်ခွဲခြားနိုင်ဖို့ခက်ခဲတဲ့အခြေအနေမျိုးလည်း ဖြစ်ပါတယ်”လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကမ္မရွာဘက်ကနေ မောင်းလာတဲ့ အရပ်ဘက်လိုင်စင်တပ် SURF အမျိုးအစားကား ကို ရပ်တန့်ဖို့ လက်ပြတားဆီးတာ၊အော်ဟစ်တာ သေနတ်ဖောက်တားဆီးတာတွေလုပ်ခဲ့ပေမယ့် ဆက်လက် မောင်းနှင်သွားတာကြောင့် ကားနောက်ကနေပစ်ခတ်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ အဖွဲ့တဖွဲ့နဲ့ အဖြစ်မှန်ကို စုံစမ်းစစ်ဆေးဖော်ထုတ်မယ်လို့ လည်းပြောပါတယ်။

ဝင်းနိမ္မတာရုံဆရာတော်ပစ်ခတ်ခံရပြီး ပျံလွန်တာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ကနဦးထုတ်ပြန်ချက်တွေနဲ့ ဒီကနေ့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ပြန်လည်ရှင်းလင်းပြောဆိုချက်တွေမှာ ကွဲလွဲနေတဲ့ အချက်တွေအများ အပြား ရှိနေပါတယ်။

ကံသုံးဆင့် ဆရာတော်ကလူသိရှင်ကြား ဖွင့်ချမိန့်ကြားပြီးမှ စစ်ကောင်စီက အခုလို ဝန်ခံရှင်းလင်းလာတာဖြစ်ပေ မယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်မြေအခြေအနေမတည်ငြိမ်သာ၊ဆရာတော်လိုက်လာတဲ့ကားကိုတားချိန်မှာ မရပ် ပေးတာတွေကို အသားပေးပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းကာလတလျှောက် စစ်ကောင်စီတပ်တွေကျူးလွန်ပြီး ငြင်းမရတဲ့ သက်သေခံချက်ပေါ် ပေါက်လာတဲ့ ပထမဆုံးဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်နေတာနဲ့ပတ်သက်လို့လည်း စစ် ကောင်စီပြောခွင့်ရက တော်လှန်ရေးအင်အားစုတွေနဲ့ မီဒီယာတွေက သွေးထိုးနေတာလို့ ပြစ်တင်ခဲ့ပါသေးတယ်။

“ဒီဖြစ်စဉ်တခုလောက်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊NUG၊PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက ပျက်စီးရာ၊ပျက်စီးကြောင်းအချိန်ကိုက်လှုံ့ဆော်နေကြတာကိုလည်းတွေ့ရပါတယ်”လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။

“ဒီဖြစ်စဉ်တခုလောက်ကို”လို့ သူကပြောပေမယ့် ၂၀၂၁အာဏာသိမ်းချိန်ကနေ လက်ရှိအထိ စစ်ကောင်စီတပ်တွေ လက်ချက်နဲ့ ပျံလွန်ခဲ့ရတဲ့ သာသနာ့ဝန်ထမ်းတွေနဲ့ ဖမ်းဆီးခံရသူတွေအများအပြားရှိနေတာပါ။

အဲ့ဒီအထဲမှာ မတ္တရာမြို့နယ် သံဃနာယက အတွင်းရေးမှူးဆရာတော်ကိုဖမ်းဆီးသတ်ဖြတ်တာ၊သီတဂူနာယက ဆရာတော်တပါးကို စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲကျေးရွာမှာ စစ်ကြောင်းထိုးရင်းသတ်ဖြတ်ခဲ့တာ၊ ပင်လောင်း မြို့နယ် နန်းနမ့်ကျေးရွာအစုအပြုံလိုက်သတ်ဖြတ်မှုအတွင်း သံဃာလေးပါးကိုပါ သတ်ဖြတ်ခဲ့တာတွေ လည်းပါ ဝင်ပါတယ်။

လတ်တလောမှာလည်း ပင်လောင်းမြို့နယ်ထဲက လွယ်ကျိုင်းကျေးရွာကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ဒရုန်း နဲ့ဗုံးကြဲချတာကြောင့် အဲ့ဒီရွာက သက်တော် ၃၉နှစ်အရွယ် ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းချိန်ကတည်းက သူတို့လက်ချက်လို့ စွပ်စွဲခံရတဲ့ ဖမ်းဆီး၊ပစ်ခတ်၊ညှင်းပန်း သတ် ဖြတ်မှုတွေကို ဝန်ခံတာမျိုးမရှိခဲ့သလို အခုဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်မှုကိုလည်း ကံသုံးဆင့်ဆရာတော်ရဲ့ဖွင့်ချ မှုကြောင့် ဝန်ခံလာရတာပါ။