ဇွန်၊ ၂၁
အခုနှစ်အတွက် ဟာ့ဂျ် ဝတ်ပြုခရီးစဉ် ကာလအတွင်း ဆော်ဒီအာရေးဘီးယားမှာ အပူဒဏ်ကြောင့် သေဆုံးသူ ဦးရေဟာ ထောင်ဂဏန်းထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဇွန်လ ၂၁ ရက်နေ့က ဟာ့ဂျ်ခရီးစဉ်ရဲ့ အရေးအကြီးဆုံး အထွဋ်အမြတ် နယ်မြေ တခုဖြစ်တဲ့ မက္ကာမှာ အီဂျစ်နိုင်ငံသား ၅၈ ဦး ထပ်မံ သေဆုံးကြောင်း အီဂျစ်သံရုံးက အတည်ပြုခဲ့ပါတယ်။ ဒီနှစ် ဟာ့ဂျ်ခရီးစဉ်အတွင်း သေဆုံးတဲ့ နိုင်ငံခြားသား အများစုဟာ အီဂျစ်ကဖြစ်ပြီး စုစုပေါင်း အရေအတွက် ၆၅၈ ဦးထိ ရှိလာပါတယ်။
အားလုံးကို ခြုံကြည့်မယ်ဆိုရင် နိုင်ငံပေါင်း အနည်းဆုံး ၁၀ ခုက ဝတ်ပြုခရီးသည် ၁၀၈၁ ဦးဟာ လွန်ကဲလှတဲ့ အပူဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။
အစ္စလာမ်မစ် ဘာသာရေး ပြက္ခဒိန်အပေါ် မူတည်ပြီး သတ်မှတ်တဲ့ ဟာ့ဂျ်ကာလဟာ ဒီနှစ်မှာလည်း ကျွတ်ကျွတ်ဆူအောင် ပူတဲ့ ဆော်ဒီ နွေရာသီနဲ့ တိုက်ဆိုင်နေပြန်ပါတယ်။ အခုသီတင်းပတ်အတွင်း မက္ကာမှာရှိတဲ့ မဟာဗလီကြီးရဲ့ ပတ်ဝန်းကျင်မှာ နေ့အပူချိန်ဟာ ၅၁.၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ မြင့်တက်နေပါတယ်။
ဆော်ဒီ အာဏာပိုင်တွေက ဝတ်ပြု ခရီးသည်တွေကို ရေများများသောက်ဖို့၊ ထီးဆောင်းကြဖို့၊ တနေ့တာရဲ့ အပူဆုံး အချိန်တွေမှာ အပြင်မထွက်ကြဖို့ နှိုးဆော်ထားသလို အပူဒဏ်က သက်သာစေမယ့် ရွက်ဖျင်တဲတွေ ငှားရမ်းနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ စရိတ်ချွေတာရတဲ့ ဆင်းရဲနွမ်းပါးသူတွေ အတွက်တော့ အဲဒီ ဝန်ဆောင်မှုမျိုးတွေကို လက်လှမ်းမမီနိုင်တာကြောင့် နေပူထဲမှာပဲ တနေကုန်နေရင်း ဝတ်ပြုကြရတာမျိုး ရှိနေပါတယ်။
ဟာ့ဂျ်ကာလတွေအတွင်း အရင်က လူတွေပိမိတာ၊ ရွက်ဖျင်တဲ ပြိုကျတာမျိုး အခြေအနေတွေကြောင့် ဝတ်ပြု ခရီးသည်တွေ သေဆုံးတဲ့ ဖြစ်ရပ်တွေ ကြုံခဲ့ဖူးပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ အပူဒဏ်ဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အများအပြားကို သေဆုံးစေတဲ့ ဘေးအန္တရာယ်ဆိုးကြီး ဖြစ်လာနေပါတယ်။
ဒီနှစ် ဟာ့ဂျ်ကာလမှာ ဝတ်ပြုခရီးသည် ၁.၈ သန်းလောက် ရောက်ရှိခဲ့ပြီး အဲဒီထဲမှာ ၁.၆ သန်းဟာ နိုင်ငံခြားသားတွေလို့လည်း သိရပါတယ်။
Ref: Guardian