အီရန် တော်လှန်ရေး အစောင့်တပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကနေဒါ သတ်မှတ်

ဇွန်၊ ၂၀

အီရန်ရဲ့ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ် (IRGC)ကို ကနေဒါက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ 

အမေရိကန် အစိုးရဟာလည်း ၂၀၁၉ ခုနှစ် ကတည်းက IRGCကို အကြမ်းဖက် အဖွဲ့အစည်း စာရင်းထဲ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။ ကနေဒါဟာ IRGCရဲ့ လက်ရွေးစင် တပ်မလို့ ခေါ်ဆိုနိုင်တဲ့ Quadကို အရင်ကတည်းက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး အခုတော့ IRGC ဖွဲ့စည်းပုံ တခုလုံးက အဲဒီ သတ်မှတ်ချက်ထဲ စာရင်းဝင်လာတာ ဖြစ်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့ ကြေညာချက်ကြောင့် IRGCနဲ့ ဆက်စပ်နေတဲ့ အီရန်အစိုးရ အရာရှိ တချို့ပါ ကနေဒါကို ဝင်ရောက်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ ကနေဒါ ပြည်သူ့လုံခြုံရေးဝန်ကြီး ဒေါမနစ် လီဘလန့်က အခုဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့အတွက် ထိရောက်အားကောင်းတဲ့ အရွေ့တခု ဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

IRGCဟာ အီရန် အစိုးရစစ်တပ် မဟုတ်ဘဲ ဩဇာကြီးမားတဲ့ သီးခြား လက်နက်ကိုင် အင်အားစု ဖြစ်ပါတယ်။ IRGCရဲ့ လက်ရွေးစင် အထူးတပ်မ Quadဟာ အီရန် အဓိပတိ အလီဟိုစိန်နီ ခါမေနီကို တိုက်ရိုက် သစ္စာခံ လှုပ်ရှားလေ့ ရှိပါတယ်။

အရင်ကတည်းက IRGCကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ဖူးပေမယ့် အဲဒီတုန်းကတော့ ဝန်ကြီးချုပ် ဂျက်စတင် ထရူဒူ ဦးဆောင်တဲ့ ကနေဒါ အစိုးရက ငြင်းပယ်ခဲ့ပါတယ်။ အခုလို သဘောထား ပြောင်းလဲသွားတာနဲ့ ပတ်သက်ပြီး လီဘလန့်က IRGCရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုတွေဟာ နိုင်ငံတကာ လုံခြုံရေး ဌာနတွေကို ခြိမ်းခြောက်မှု မြောက်နေသလို ကနေဒါရဲ့ နိုင်ငံခြားရေး မူဝါဒတွေ အရလည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ လုံလောက်တဲ့ အနေအထား ရှိလာတာကြောင့် ဖြစ်တယ်လို့ အကြောင်းပြချက် ပေးသွားခဲ့ပါတယ်။

IRGCမှာ ကြည်းတပ်၊ ရေတပ်၊ လေတပ် သီးခြားစီ စုဖွဲ့ထားပြီး အင်အား အနည်းဆုံး ၁၉၀၀၀၀ လောက် ရှိမယ်လို့ ယူဆရပါတယ်။ ပြီးတော့ အီရန်ရဲ့ နျူကလီးယား စီမံကိန်းတွေ အပါအဝင် အဆင့်အမြင့်ဆုံး မဟာဗျူဟာ စစ်လက်နက်တွေကိုလည်း IRGCကပဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Ref: BBC