ဇွန်၊ ၁၉
ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံရေးအရ စွပ်စွဲခံထားရတာလို့ ဗြိတိန်သံရုံးဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်မြောက် မွေးနေ့ ဒီကနေ့မှာ နိုင်ငံတဝန်း လက် နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပါအဝင် ပန်းသပိတ်လှုပ်ရှားမှုတွေပြုလုပ်နေကြပြီး မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သံရုံးတွေကလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ ပူးပေါင်းပါဝင်နေကြပါတယ်။
သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒေါ်အောင်ဆန်းစုကြည်ပုံတင်တာ၊ပန်းသပိတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့အနေနဲ့ ပန်းပွင့်ပုံတမျိုးတည်းကိုပဲ ဖော်ပြတာမျိုးလုပ်ကြတဲ့အထဲ ဥရောပသမဂ္ဂ၊ဗြိတိန်၊ဂျာမနီ၊နော်ဝေ ၊ဒိန်းမတ်၊အီတလီစတဲ့ ဥရောပနိုင်ငံသံရုံးတွေပါဝင်ပါတယ်။
ဒီလိုပန်းသပိတ်လှုပ်ရှားမှုမှာပါဝင်တာအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် ဖမ်းဆီးခံ ထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း သံရုံးတချို့က ထုတ်ဖော်တောင်းဆိုကြပါတယ်။
ဗြိတိန်သံရုံးကတော့ “ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်များမှာ နိုင်ငံရေးအရလှုံ့ဆော်စွပ်စွဲချက်များ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်”လို့ ပန်းပန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားပုံနဲ့အတူ ပူးတွဲ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ် ရှုတ်ချပြီး သူမနဲ့တကွ မတရားဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုတယ်လို့လည်း ဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သား အစိုးရအဖွဲ့ခေါင်းဆောင်တွေကိုဖမ်းဆီးကာ အဂတိလိုက်စားမှုအပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စုစုပေါင်း ထောင်ဒဏ် ၃၃နှစ်၊သမ္မတဦးဝင်းမြင့်ကို ထောင်ဒဏ် ၁၂နှစ်ချ မှတ်ထား ပါတယ်။
အီတလီသံရုံး ဖေ့စ်ဘွတ်ခ် စာမျက်နှာကတော့ အနီရောင်နှင်းဆီပန်းတပွင့် ပုံနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊သမ္မတဦးဝင်းမြင့်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုတဲ့အကြောင်း ရေးသားဖော်ပြပါတယ်။
အလားတူ ပြည်တွင်းက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ၊သပိတ်အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ၊ပြည်သူတွေကလည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်မြောက်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုတွေမှာ ပုံစံမျိုးစုံနဲ့ ပူးပေါင်းပါဝင်နေကြပါတယ်။