မတူပီက ခမရ ၃၀၄ တပ်ရင်းကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်၊ ဟောင်ဝပ်ဇာအပါအဝင် လက်နက်ခဲယမ်း တွေရရှိ

Photo- ချင်းညီနောင်

ဇွန်၊ ၁၈

ချင်းတော်လှန်ရေးငါးဖွဲ့ ပူးပေါင်းပြီး စစ်ကောင်စီကိုထိုးစစ်ဆင်နေတဲ့ ချင်းညီနောင်စစ်ဆင်းရေးအတွင်း မတူပီ က ခမရ ၃၀၄ တပ်ရင်းကို မနေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝပ်ဇာတလက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် တွေလည်းသိမ်းဆည်းရရှိတယ်လို့ ချင်းညီနောင်ပူးပေါင်းတပ်တွေက ထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော် AA နဲ့ ယောတပ် Yaw Army စတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ချင်းညီနောင်တပ်ဖွဲ့တွေပူးပေါင်းပြီး မတူပီမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ်တွေကို အခုလ ၉ရက်ကစလို့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ထိုးစစ် စတင်အပြီး တပတ်လောက်အကြာမှာ စစ်ကောင်စီတပ်ရင်းတခုကို စတင်သိမ်းပိုက်နိုင်တာပါ။

လက်ရှိမတူပီမှာ ဗျူဟာကုန်း ခလရ ၁၄၀နဲ့ နောက်ထပ် စခန်းကျန်နေသေးပြီး ဆက်လက်သိမ်းယူနိုင်ဖို့ ထိုးစစ် ဆင်တိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၇ရက်ကလည်း တီးတိန်မြို့ပေါ်က စစ်ကောင်စီစခန်းနှစ်ခုဖြစ်တဲ့ EPC ရုံးနဲ့ တာဝါတိုင် စခန်းကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးကာ ကိုးဦးကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့တဆက်တည်းဖော်ပြထားပါတယ်။

တီးတိန်နဲ့ မတူပီမြို့တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ကျဆုံးတပ်ဖွဲ့ဝင်တချို့ရှိ တယ်လို့ ဖော်ပြထားပေမယ့် အရေအတွက်အတိအကျတော့ ထည့်သွင်းရေးသားထားတာမရှိပါဘူး။
ဒီလို စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်အတောအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုပဲဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော် CNA/CNFနဲ့လည်း တိုက်ပွဲဖြစ်ခဲ့သေးတယ်လို့ ချင်းညီနောင်အဖွဲ့က ဒီကနေ့မှာပဲ သီးခြား ဆက်လက်ထုတ်ပြန်ပါတယ်။

မဟာမိတ်စုပေါင်းတပ်တွေဟာ မတူပီမြို့က လက်ကျန်စစ်ကောင်စီစခန်းတခုဖြစ်တဲ့ ခလရ ၁၄၀ကို ထိုးစစ်ဆင်နေ ချိန် မနေ့က ညနေပိုင်းမှာ CNAတပ်ဖွဲ့ဝင်တဦးက ခလရ ၁၄၀ စခန်းဘက်ဦးတည်ပြီးကားမောင်းနှင်လာတာ ကြောင့် ခေါ်ယူထိန်းသိမ်းခဲ့တယ်လို့ဆိုပါတယ်။

အဲ့ဒီ CNAတပ်ဖွဲ့ဝင်ကိုနောက်တရက်မနက်မှာ ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ထားပေမယ့် ဒီကနေ့ မနက်ငါးနာရီ လောက်မှာ CNAပူးပေါင်းတပ်တွေက ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေကို စတင်တိုက်ခိုက်လာတယ်လို့ဆို ပါတယ်။
ဒီလိုတိုက်ခိုက်မှုကြောင့် ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေဘက်က တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ပြီးလက်ရှိအချိန်ထိ လည်း နှစ်ဘက်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့တော့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဦး/ချင်းအမျိုးသား တပ်မတော် CNA/CNF ဘက်ကို DNAအနေနဲ့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။