ဆယ့်ကိုးကြိမ်မြောက် အကျဉ်းစံမွေးနေ့

ဇွန်၊ ၁၈

“မြန်မာပြည်မှာ နိုင်ငံရေးအရ ထိန်းသိမ်းခံရတဲ့ အမျိုးသမီးဟာကျွန်မတယောက်တည်းမဟုတ်ပါဘူး၊ အထိန်းသိမ်း ခံခဲ့ရတဲ့ အမျိုးသမီးတွေ၊နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့အမျိုးသမီးတွေအများကြီးရှီနေပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင်ရေးတဲ့ “မြန်မာပြည်ကပေးတဲ့စာ”မှာ ရေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုလောက် အကြာက ရေးခဲ့တဲ့စာဟာ အခုလက်ရှိအခြေအနေကိုပြောပြသလိုဖြစ်နေတုန်း ပါပဲ။ဒါ့အပြင် သူမကိုယ်တိုင်လည်း နိုင်ငံ့ခေါင်းဆောင်တဦးအဖြစ် တရားဝင် ရပ်တည်နိုင်ခဲ့ပြီးချိန်အထိ အဲ့ဒီအခြေ အနေနဲ့ ကိုက်ညီနေတုန်းပါ။

ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၉နှစ်တိတိအရွယ်ကိုရောက်နေပါပြီ။စစ်ခေါင်းဆောင်တွေ ချုပ်ကိုင်ထားတဲ့ မြန်မာ့နိုင်ငံရေးကိုပြောင်းလဲဖို့ကျားကုတ်ကျားခဲကြိုးစားခဲ့ပေမယ့် သူကိုယ်တိုင် စစ်ဗိုလ်ချုပ်တွေ ရဲ့ သားကောင်ဘဝ ကနေ မလွတ်မြောက်နိုင်သေးပါဘူး။

ဒီတကြိမ်သူ့ရဲ့ မွေးနေ့မှာလည်း ပြီးခဲ့တဲ့နှစ်များစွာကလိုပဲ သူ့ကိုချစ်ခင်ယုံကြည်လေးစားသူတွေက ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုမွေးနေ့ပွဲတွေ၊ဆုတောင်းမှုတွေ၊သပိတ်လှုုပ်ရှားမှုတွေလုပ်နေကြပါတယ်။

ကာယကံရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့မွေးနေ့တွေမှာ လူအများအပြားကအားတက် သရော နည်းလမ်းအမျိုးမျိုးနဲ့ ကျင်းပဆင်နွှဲပေးနေကြတယ်ဆိုတာကို ကိုယ်တိုင်မြင်တွေ့ကြားသိနိုင်တဲ့ အခြေအနေမရှိ တော့တာ လေးနှစ်ရှိပါပြီ။

ခံစားသိနဲ့ သိ၊ကြား၊ခံစားနားလည်နေနိုင်ဖို့အတွက်ကိုတော့ အရင်ကဖြတ်သန်းခဲ့ရတဲ့ မွေးနေ့အတွေ့အကြုံတွေက သူမကို အထောက်အကူပေးပါလိမ့်မယ်။ဒီတကြိမ်မွေးနေ့ဟာ မြန်မာ့နိုင်ငံရေးထဲ ပါဝင်နစ်မြှုပ်ခဲ့ပြီးကတည်းက သူ ဖြတ်သန်းရမယ့် ၁၉ကြိမ်မြောက် အကျဉ်းစံမွေးနေ့ဖြစ်ပါတယ်။

သူ့ရဲ့မွေးနေ့တွေမှာ ဆုတောင်းပေးကြသူတွေ၊လက်ဆောင်ပေးသူတွေအားလုံးကိုသိနိုင်မှာမဟုတ်ပေမယ့် ပို့သကြ တဲ့ မေတ္တာတွေကိုတော့နည်းနည်းမှမကျန်အောင် ခံစားနိုင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးခဲ့၊ပြောခဲ့ဖူး ပါတယ်။

“မေတ္တာနဲ့ပေးတဲ့ဆုတိုင်းဟာထိရောက်ပါတယ်၊ကောင်းကင်ကကျလာတဲ့ မိုးပေါက်တိုင်းကိုမသိနိုင်ပေမဲ့ ဒီမိုးပေါက် များရဲ့ စုပေါင်းအားနဲ့ ကမ္ဘာမြေကြီးစိမ်းလန်းစိုပြေသလိုပါပဲ၊များပြားလှသော မေတ္တာ၊စေတနာရှင်များရဲ့ အားနဲ့ ရှင် သန်နေတယ်လို့ပြောရင် မမှားပါဘူး” လို့ ဒီလှိုင်းဂျာနယ်ရဲ့ “ဒီစကား”ကဏ္ဍကနေ သူ့ရဲ့ ၆၈နှစ်မြောက်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ရေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလ  သူ့အသက် ၄၃နှစ်အရွယ်မှာ မြန်မာ့နိုင်ငံရေး ဝဲ ဂယက်ထဲ လူထုခေါင်းဆောင်တယောက်အနေနဲ့ စတင်ပါဝင်ခဲ့တာကြောင့် အခုဆိုရင် နိုင်ငံရေးသက်တမ်း ၃၆နှစ် ရှိနေပါပြီ။

အဲ့ဒီအထဲကသက်တမ်းတဝက်ကျော်လောက်ကိုတော့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကျဉ်းချခံ နေ့ရက်တွေအ ဖြစ်ကုန်ဆုံးခဲ့ရပါတယ်။ဒီကာလတွေထဲကမှ အခုတကြိမ်အပါအဝင် မွေးနေ့ ၁၉ ကြိမ်ကိုလည်းပြင်ပကမ္ဘာနဲ့အ ဆက်ဖြတ်ခံထားရတဲ့အခြေအနေနဲ့ ဖြတ်သန်းခဲ့ရတာပါ။

မြန်မာနိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့အပြီး တနှစ်အကြာမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့အ ကျဉ်းချထားမှုနဲ့ စတင်ကြုံတွေ့ခဲ့ပါတယ်။၁၉၈၉ခုနှစ်ကနေ ၁၉၉၅ခုနှစ်အထိ ခြောက်နှစ်ကြာတဲ့ ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်ကာလအတွင်း အကျဉ်းစံမွေးနေ့ခြောက်ကြိမ်ကို သူဖြတ်သန်းခဲ့ရပါတယ်။

ပထမဆုံး နေအိမ်အကျယ်ချမှတ်ခံရချိန်မှာ ခင်ပွန်း မိုက်ကယ်အဲရစ်နဲ့ သားနှစ်ဦးလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရန်ကုန်မှာ ရှိနေကြချိန်ဖြစ်ပါတယ်။

၁၉၈၉ ဇူလိုင် ၂၀မှာ နေအိမ်အကျယ်ချုပ်နဲ့စတင်ပိတ်လှောင်ခံရတာဖြစ်လို့ သူ့ရဲ့ ၄၄နှစ်မြောက်မွေးနေ့ကိုတော့ အဲ့ဒီအချိန်က ရုတ်ရုတ်သဲသဲနိုင်ငံရေးအခြေအနေတွေကြားပြင်ပမှာပဲမိသားစုနဲ့အတူ ဖြတ်သန်းခွင့်ရခဲ့ပါတယ်။

ဒီနောက် ၂၀၀၀ပြည့်နှစ် စက်တင်ဘာလကနေ ၂၀၀၂ခုနှစ်မေလအထိ ဒုတိယအကြိမ်အဖြစ် နှစ်နှစ်ဝန်းကျင်၊နာ မည်ကျော် ဒီပဲယင်းလုပ်ကြံမှုဖြစ်စဉ်အပြီး ၂၀၀၃ ခုနှစ်မေလ ၃၀ရက်ကနေ ၂၀၁၀ နိုဝင်ဘာလအထိ တတိယအ ကြိမ်အဖြစ် ခုနစ်နှစ်ကျော်ကြာ နေအိမ်အကျယ်ချုပ်တွေ ချမှတ်ခံရပြန်ပါတယ်။

တခါလက်ရှိအာဏာသိမ်းကာလမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက နအဖခေတ် ထက်ပိုဆိုးတဲ့ ချုပ်နှောင်မှုမျိုးနဲ့ နေပြည်တော် အချုပ်ထောင်၊အကျဉ်းထောင်တွေထဲအထိပို့ပြီး အကျဉ်းချခဲ့ပါ တယ်။

ငယ်စဉ်ကမိခင်ဖြစ်သူ ဒေါ်ခင်ကြည်နဲ့အတူ၊နောက်အိမ်ထောင်ကျတော့ ခင်ပွန်းသည် မိုက်ကယ်အဲရစ်နဲ့အတူ ပြည် ပမှာ အနေများခဲ့ရတာကြောင့် နိုင်ငံရေးလောကထဲ မရောက်ခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့တွေဟာ မြန်မာ လူထုနဲ့ တရင်းတနှီးမရှိလှပါဘူး။

နိုင်ငံရေးသမားတဦးအဖြစ် အစောပိုင်းဖြတ်သန်းမှုကာလတွေမှာလည်း ခေတ်ကာလအခြေအနေနဲ့ အကျယ်ချုပ် ကျခံနေရချိန်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာသူ့ရဲ့မွေးနေ့တွေကို နီးစပ်သူတွေနဲ့သာဖြတ်သန်းခဲ့ပါတယ်။

သူမရဲ့နေအိမ်အကျယ်ချုပ်အရှည်ကြာဆုံးကာလဖြစ်တဲ့ ၂၀၀၃ကနေ ၂၀၁၀ ခုနှစ်အတွင်း နှစ်ပိုင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့တွေဟာ သူလွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုတွေပေါ်ပေါက်ရာနေ့တွေ လည်းဖြစ်လာပါတယ်။

NLD ပါတီဝင်တွေအပြင် တက်ကြွလှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆုတောင်းမေတ္တာပို့ တာ၊အကျယ်ချုပ်ကနေ လွတ်မြောက်လာဖို့ လှုပ်ရှားမှုတွေ၊တောင်းဆိုမှုတွေ လုပ်ကြတာတွေအဲ့ဒီကာလမှာ နှစ်စဉ် ရှိလာခဲ့ပါတယ်။

ဒီလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူတွေလည်းရှိခဲ့ပြီး လူသိများတဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှဆိုရင် ၂၀၀၇ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုပ်ရှားမှုအတွက် နောက်ထပ်ခြောက်နှစ်အကြာ ဦးသိန်း စိန် အစိုးရလက်ထက်မှ တရား စွဲခံရပြီး ထောင်ဒဏ်ခြောက်လချမှတ်ခံခဲ့ရပါတယ်။

လက်ပံတောင်းဒေသက ကြေးနီစီမံကိန်းပြဿနာတွေမှာ ဒေသခံတွေဘက်က ရပ်တည်လှုပ်ရှားရင်း ထောင်ဒဏ် လေးနှစ်ချခံရတဲ့သူ့ကို ၂၀၀၇ခုနှစ်က ကိစ္စအတွက် ထောင်တွင်းမှာပဲ နောက်ကြောင်းပြန်တရားစွဲပြီး ထောင်ဒဏ် ထပ်တိုးခဲ့တာပါ။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃နှစ်မြောက်မွေးနေ့ဖြစ်တဲ့ ၂၀၀၈ခုနှစ်မှာလည်း ရန်ကုန်က NLD ပါတီ ရုံး ချုပ်မှာ မေတ္တာပို့ဆုတောင်းတာ၊နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ဖို့ဆုတောင်းလှုပ်ရှားတာတွေပါဝင်တဲ့ မွေးနေ့ပွဲကျင်းပရာက ရိုက်နှက်ဖမ်းဆီးခံရတာတွေဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်က NLD ပါတီတာဝန်ရှိသူတွေကတော့ မွေးနေ့ပွဲအပြီး နှစ်ပတ်အကြာအထိ အနည်းဆုံးလူ ၂၅ဦး လောက်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သတင်းဌာနတွေကိုပြောခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုသံတွေဟာ လက်ရှိကာလထက် ပိုပြီး ဖိဖိစီး စီးရှိခဲ့ပါတယ်။

လက်ရှိကာလမှာလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွေရောက်တဲ့အခါ အဲ့ဒီမွေးနေ့ကို အကြောင်းပြုပြီးဖမ်း ဆီးခံကြရသူတွေ ဒုနဲ့ဒေးရှိနေတုန်းပါပဲ။တဖက်မှာတော့ သူ့ရဲ့မွေးနေ့တွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကြောင်း၊စစ်ကောင်စီကိုလူထုကလက်မခံကြောင်း လူထုခေါင်းဆောင်ကို သတိတရရှိနေကြကြောင်းထုတ် ဖော်ပြ သရာနေ့တွေလည်းဖြစ်လာပါတယ်။

စစ်တပ်ကတော့ ဒီလို လှုပ်ရှားမှုတွေကို အလွန်အမင်း သည်းမခံနိုင်တဲ့ပုံပြသနေပြီး ပြီးခဲ့တဲ့နှစ် ဒေါ်အောင်ဆန်း စုကြည်မွေးနေ့တုန်းက “ပန်း သပိတ်”အဖြစ် နှင်းဆီပန်းတွေပန်ကြတဲ့လှုပ်ရှားမှုမှာ တောင် နှင်းဆီပန်းပန်သူ၊ ကိုင်လာသူတွေ၊လူမှုကွန်ရက်မှာတင်သူတွေကိုလိုက်လံရှာဖွေဖမ်းဆီးခဲ့ပါတယ်။

ဒါတင်မက ရောင်းချသူတွေကိုပါ ကြိုတင်ခြိမ်းခြောက်ထားတာ၊စစ်ဆေးမေးမြန်းဖမ်းဆီး တာတွေရှိခဲ့တဲ့အထိပါ။ အခုနှစ် ၇၉နှစ်မြောက်မွေးနေ့မှာလည်း “သံမဏိနှင်းဆီသပိတ်”လှုပ်ရှားမှုလုပ်ကြဖို့ တော်လှန်ရေး အင်အားစုတွေ ကနှိုးဆော်ထားတာရှိပါတယ်။

အပြင်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့လှုပ်ရှားမှုမှာပါဝင်သူတွေကို ဖမ်းဆီးလေ့ရှိတဲ့စစ်ကောင်စီကတော့ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေဆီကိုပါ ဒီလှုပ်ရှားမှု အင်အားကောင်းလာမှာကိုစိုးရိမ်တာကြောင့်နိုင်ကျဉ်း ရာနဲ့ချီကိုထောင်ပြောင်းရွှေ့လိုက်တယ်လို့ သတင်းတချို့ကဖော်ပြပါတယ်။

မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အနေနဲ့ကတော့ စစ်အစိုးရခေတ်အဆက်ဆက်အကျဉ်းချခံနေရချိန် တွေမှာ အခက်အခဲတွေကြားက သူ့မွေးနေ့တွေကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းလေ့ရှိတယ်လို့ သူနဲ့အတူ ၁၅နှစ် လောက် အနီးကပ် နေထိုင်ခဲ့တဲ့ ဒေါ်ခင်ခင်ဝင်းကပြောပါတယ်။

“သူကသိပ်ဆန်းဆန်းပြားပြားတွေမလုပ်ပါဘူး၊မွေးနေ့ရောက်ပြီဆိုရင် ဘုရားစင်ကိုအထူးပြင်ပေးရတယ်၊ပန်းတွေ၊ ရေချမ်းတွေပေါ့၊ပြင်ဆင်ပြီးတော့ သူက(မနက်) ရှစ်နာရီလောက်ဆိုရင်ကပ်တယ်”လို့ ၂၀၂၁ခုနှစ်က ဘီဘီစီမြန်မာ ပိုင်းနဲ့ မေးမြန်းခန်းမှာ ဒေါ်ခင်ခင်ဝင်းကပြောပါတယ်။

ဒေါ်ခင်ခင်ဝင်းလို အနီးကပ်တအိမ်တည်းအတူနေခဲ့ရသူမဟုတ်ပေမယ့် နေအိမ်အကျယ်ချုပ်ကာလတလျှောက်လုံး နေအိမ်ပြင်ပကနေ ရိက္ခာပို့ပေးခဲ့ရတဲ့ ဦးမြင့်စိုး(ခ)မိုဃ်းလင်း(ခ)ဖိုးလေးရေးတဲ့ စာတွေထဲမှာတော့ ဒေါ်အောင်ဆန်း စုကြည်မွေးနေ့မှာ လုပ်လေ့ရှိတာတခုကို ပြန်တွေ့ရပါတယ်။

“ကျွန်တော်က တနှစ်ကို ရွှေတိဂုံဘုရားသုံးခါသွားတယ်”လို့ သူကရေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအကြီး အလက်ဇန္ဒား(ခ)ကိုမြင့်ဆန်းအောင်ရဲ့ မွေးနေ့ ဧပြီလ ၁၂ရက်၊သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းမွေးနေ့ စက်တင်ဘာ ၂၄ရက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ဇွန်လ ၁၉ရက်တို့ ဖြစ်ပါတယ်။

အဲ့ဒီမွေးနေ့တွေရောက်တဲ့အခါ ရွှေတိဂုံဘုရားသွားပြီး ပန်းသက်စေ့၊ရေသက်စေ့၊ရွှေသင်္ကန်းအလှူငွေလှူတာတွေ အမြဲ လုပ်ပေးရတယ်လို့ ဦးမြင့်စိုးက ပြန်ပြောပြခဲ့ပါတယ်။ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မိခင် ဒေါ်ခင်ကြည် ကွယ်လွန်တဲ့  နှစ်ပတ်လည် ဒီဇင်ဘာ ၂၇ရက်ဆိုရင်လည်း ဦးမြင့်စိုးက အုတ်ဂူသန့်ရှင်းရေးနဲ့ ပန်း၊ဆီမီးပြင်ဆင်ပေး တာတွေလုပ်ခဲ့ရသူပါ။

“အဲ့ဒီဟာတွေလည်း အစ်မခိုင်းလို့ တရားဝင်လုပ်နေတာကို သက်ဆိုင်ရာကခွင့်ပြုခြင်းပါ”လို့ ဦးမြင့်စိုးက သူ့ ဆောင်းပါးတွေပေါင်းထုတ်တဲ့ “ကျုပ်အစ်မ အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်”ဆိုတဲ့စာအုပ်မှာ ထည့် ရေးခဲ့ပါတယ်။

အနီးကပ်နေထိုင် ကူညီခဲ့ရတဲ့ ဒေါ်ခင်ခင်ဝင်းကတော့ မြန်မာရိုးရာ အစားအစာတွေနှစ်သက်တဲ့ ဒေါ်အောင်ဆန်းစု ကြည်အတွက် မွေးနေ့မှာ အထူးပြင်ဆင်ပေးရလေ့ရှိတာကတော့ အုန်းထမင်းဖြစ်တယ်လို့ ပြောပြပါတယ်။

“အဝင်းချက်တဲ့ အုန်းထမင်း” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတတ်တာကိုသူ့စာအုပ်ထဲမှာ လည်း ထည့်ရေးပါတယ်။

ဒေါ်ခင်ခင်ဝင်းကိုယ်တိုင်ရေးတဲ့ “ရေဆန်လမ်းကအိမ်အပြန်”စာအုပ်မှာတော့ အကျယ်ချုပ်ကာလ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ဖြတ်သန်းမှုတွေနဲ့ပတ်သက်လို့ ထူးထူးခြားခြားထည့်ရေးထားတာမျိုးမတွေ့ရပါဘူး။

ဒါပေမယ့် ၂၀၀၉ခုနှစ်မှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကြောင့် ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲ ချုပ်နှောင်ခံရချိန်မှာ ဒေါ်ခင်ခင်ဝင်းနဲ့သမီးဖြစ်သူတို့လည်း အတူလိုက်ပါသွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့၆၄ နှစ်မြောက်မွေးနေ့ကိုလည်း ထောင်ထဲမှာပဲ ဖြတ်သန်းခဲ့ပါတယ်။

အဲ့ဒီမွေးနေ့တုန်းကတော့ နိုင်ငံတကာ သံရုံးတချို့ရဲ့မွေးနေ့လက်ဆောင် ပန်းခြင်းနဲ့ မွေးနေ့ကိတ်တွေကို စစ်အစိုးရ ကထောင်တွင်းပေးပို့ခွင့်ပြုခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်က တခြားအကျဉ်းသားတွေကိုပါ မျှဝေပေးစေခဲ့ တယ်လို့ ဒေါ်ခင်ခင်ဝင်းက ဘီဘီစီမြန်မာပိုင်းကိုပဲ ပြောပြခဲ့ပါတယ်။

နဝတ၊နအဖ စစ်အစိုးရခေတ်အကျဉ်းချခံရချိန်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မွေးနေ့နှစ်ကြိမ်ကို နေအိမ်မှာမဟုတ်ဘဲ ဖြတ်သန်းခဲ့ရပါတယ်။တကြိမ်ကအထက်ပါ ၂၀၀၉ခုနှစ် ဂျွန်ယက်တောအမှုရင်ဆိုင်နေရ ချိန်ဖြစ်ပြီး နောက်တကြိမ်ကတော့ ဒီပဲယင်းလုပ်ကြံမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရချိန်ဖြစ်ပါတယ်။

၂၀၀၃ခုနှ မေလ ၃၀ရက်မှာ ဒီပဲယင်းလုပ်ကြံမှု ပေါ်ပေါက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊သူရဦးတင်ဦးစတဲ့ ခေါင်းဆောင်တွေအပါအဝင် NLD ပါတီဝင်တွေနဲ့ထောက်ခံဝန်းရံသူတွေကိုပါ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ဒီပဲယင်း၊ကျီရွာမှာ အသက်ဘေးကလွတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ရေဦးအရောက်မှာ ဖမ်းဆီး ခဲ့ပြီး ရဲမွန်နဲ့ အင်းစိန်ထောင်တို့မှာ ထိန်းသိမ်းထားခဲ့သေးတယ်လို့ နီးစပ်သူတွေက ပြန်ပြောပြကြပါတယ်။

မေလကုန်ကတည်းက ဖမ်းဆီးခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုကျန်းမာရေးကြောင့် အာရှတော်ဝင် ဆေးရုံ မှာခွဲစိတ်ကုသပြီးချိန် စက်တင်ဘာလအတွင်းမှာမှ နေအိမ်ကိုပြန်ပို့ပြီးအကျယ်ချုပ်ပြန်ချခဲ့တယ်လို့ ဒေါ်ခင်ခင်ဝင်း က သူ့ရဲ့စာအုပ်မှာ ရေးထားပါတယ်။

လက်ရှိအာဏာသိမ်းကာလအတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မွေးနေ့တကြိမ်ကို ထောင်တွင်း ကနေ ဖြတ်သန်းခဲ့ရပါသေးတယ်။ပြီးခဲ့တဲ့ ၇၈နှစ်မြောက်မွေးနေ့တုန်းကဖြစ်ပါတယ်။ဒီမတိုင်ခင် မွေးနေ့နှစ်ကြိမ်ကို တော့ စစ်ကောင်စီထားတဲ့နေအိမ်အကျယ်ချုပ်မှာတကြိမ်၊စစ်ကောင်စီစွဲဆိုထားတဲ့အမှုတွေအတွက်တရားရင်ဆိုင် ရင်းတရားခွင်မှာတကြိမ်ဖြတ်သန်းခဲ့တာပါ။

ဒီနှစ်မွေးနေ့မှာ သူဘယ်နေရာကနေ ဖြတ်သန်းနေမလဲဆိုတာနဲ့ပတ်သက်လို့တော့ သတင်းတွေက ဝိဝါဒကွဲပြား စရာတွေရှိနေပါတယ်။ပြီးခဲ့တဲ့ နွေရာသီကာလ အပူဒဏ်တွေမြင့်တက်ခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေ ပြည်တော်အချုပ်ထောင်ထဲကနေ နေရာပြောင်းရွှေ့ပေးလိုက်တယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပါတယ်။

အဲ့ဒီနောက်လပိုင်းအကြာမှာလည်း နေရာထပ်ပြောင်းတယ်ဆိုတဲ့ သတင်းထွက်ခဲ့ပါသေးတယ်။ဒါပေမယ့် သူ့အ တွက် ထောင်ဝင်စာကိုတော့ နေပြည်တော်အချုပ်ထောင်မှာသာပေးပို့နေရတယ်ဆိုတာကြောင့် ဒေါ်အောင်ဆန်းစု ကြည်လက်ရှိဘယ်မှာရှိနေတယ်ဆိုတာနီးစပ်သူတွေတောင် တိတိကျကျမသိနိုင်တော့တဲ့ အခြေအနေပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီးနောက် ၂၀၁၁ခုနှစ် ဇွန်လ ၁၉ရက် သူ့ရဲ့ ၆၆နှစ်မြောက်မွေးနေ့မှာမှ သူ့ကိုချစ်ခင်ထောက်ခံတဲ့ လူထုနဲ့ အတူ မွေးနေ့ကိုဖြတ်သန်းခွင့် စရခဲ့ပါတယ်။

အဲ့ဒီအချိန်ကစလို့ ၂၀၁၉ ခုနှစ် ၇၄နှစ်မြောက်မွေးနေ့အထိ ဆယ်စုနှစ်တခုကြာလောက် နှစ်စဉ်မွေးနေ့တိုင်းမှာနိုင် ငံတဝန်းက NLD ပါတီဝင်တွေနဲ့ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုတဲ့ အစီအစဉ်တွေပြုလုပ် ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း NLD ပါတီဝင်တွေနဲ့အတူ ပါတီရုံးချုပ်မှာ နေပြည်တော်လွှတ်တော်ထဲမှာ၊ အစိုးရရုံးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ဝန်ထမ်းတွေနဲ့အတူ မွေးနေ့ပွဲတွေဆင်နွှဲခဲ့ပါတယ်။

၂၀၁၉ခုနှစ်က ၇၄နှစ်မြောက်မွေးနေ့ကတော့ အစည်ကားဆုံးဖြစ်ခဲ့ပြီး အဲ့ဒီမွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန် မြို့မှာ လူဦးရေထောင်ချီပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ပုံဖော်ဂုဏ်ပြုခဲ့ကြပါတယ်။

နောက်တနှစ် ၂၀၂၀မှာတော့ ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်နေချိန်ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဟာလည်း နီးစပ်သူတွေနဲ့ အကျဉ်းရုံးသာ ကျင်းပနိုင်ခဲ့ပါတယ်။၂၀၂၁ခုနှစ်အာဏာသိမ်းလိုက်ချိန်ကစလို့ လက်ရှိအထိတော့ မွေးနေ့တွေမှာသာမက တခြားအချိန်တွေမှာပါ သူမကို လူထုကြားမှာမတွေ့ကြရတော့ပါဘူး။

သူမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း နဲ့ဘကြီးတော်စပ်သူဦးဘဝင်းတို့အပါအဝင် လွတ်လပ်ရေးခေါင်းဆောင်တွေ ကျ ဆုံးတဲ့ အာဇာနည်နေ့နှစ်ပတ်လည် အခမ်း အနားမျိုးမှာတောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ မြင်ခွင့် မရကြပါဘူး။

နိုဘယ်ဆုရှင်၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊လူထုခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရပြီး “မျှော်လင့်ခြင်းမီး အိမ်”လို့ အမေရိကန်သမ္မတ အိုဘားမားက တင်စားခဲ့တဲ့ ဒီအမျိုးသမီးကြီးဟာ အခုဆိုရင် အသက် ၇၉နှစ်ရှိပါပြီ။

ရာစုနှစ်တခုရဲ့ သုံးပုံတပုံကျော်ကို ဖြတ်သန်းပြီးချိန်အထိ သူက မြန်မာ့နိုင်ငံရေးမှာ ဒါမှမဟုတ် မြန်မာဒီမို ကရေစီ အရေးကြိုးပမ်းမှုခရီးမှာ စစ်ခေါင်းဆောက်အဆက်ဆက်ကို ရင်ဆိုင်ရင်း ပါဝင်လျှောက်လှမ်းနေဆဲပါ။

၂၀၂၁စစ်အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးအခြေအနေတွေကြောင့် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုက ဆက်ပြီးအရေးပါနေနိုင်သေးလားဆိုတဲ့ ငြင်းခုံမှုတွေပေါ်ပေါက်လာခဲ့ ပါတယ်။

လက်ရှိအချိန်အထိ သူ့သက်တမ်းရဲ့ တဝက်လောက် နိုင်ငံရေးလောကဓံတွေထဲ နစ်မြုပ်ထားတဲ့ အခြေအနေကို မကြည့်ရက်တော့သူတွေက လက်ကျန်အချိန်တွေကို အေးအေးချမ်းချမ်းဖြတ်သန်းခွင့်ရစေဖို့ မျှော်ရည်ကြတာမျိုး တွေလည်းရှိပါတယ်။

ဒီနေရာမှာနိုင်ငံရေးပြဿနာတွေပြေလည်သွားအောင် ဒေါ်အောင်ဆန်းစုကြည်အနားယူသင့်တယ်ဆိုတဲ့ ဖိအား ပေးတိုက်တွန်းချက်မျိုးကိုတော့လူထုက လက်မခံနိုင်ဘူးဆိုတာ သိပ်မကြာသေးခင် ကာလတွေတုန်းကလက်တွေ့ မြင်ခဲ့ကြရပြီးပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရဲ့ ဒီမိုကရေစီခရီးကြမ်း အဆုံးသတ်ရေး မျှော်တွေးချက်နဲ့ ဆန္ဒကရော ဘယ်လိုရှိ နေမှာပါလဲ။

အဲ့ဒီဆန္ဒလို့ ယူဆရတဲ့ အချက်အလက်တခုကိုတော့ ဒေါ်ခင်ဝင်းရဲ့ “ရေဆန်လမ်းကအိမ်အပြန်” စာအုပ်တနေရာ မှာအခုလိုတွေ့ရပါတယ်။

“စိတ်ချ….လုံခြုံတဲ့ အုပ်ချုပ်မှုစနစ်နဲ့ ဥပဒေစိုးမိုးလာတဲ့အခါ သူလည်း လူပီသစွာ သားသမီးမြေးမြစ်ကလေးတွေနဲ့ နေချင်သေးတယ်”လို့ ပြောသောအခါ ကျွန်မရင်ထဲမှာ ကျေနပ်မှုအပြင် ကိုယ်ချင်းစာနာနိုင်သည့် သူ့အပေါ်နား လည်မှုအပြည့်ဖြင့် ကရုဏာစိတ်ပါ ဖြစ်ပေါ်လာစေပါတော့သည်…..တဲ့။