စစ်တွေမှာ ဖမ်းဆီးထားတဲ့ အရပ်သားတွေဆီက စစ်ကောင်စီ ငွေကြေးတောင်းယူနေ

Photo – Google

ဇွန်၊ ၁၇ 

စစ်တွေမြို့မှာ ဖမ်းဆီးထားတဲ့အရပ်သားတွေကို စစ်ကောင်စီက ငွေကြေးသိန်းနဲ့ချီတောင်းခံနေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတချို့ကပြောပါတယ်။

စစ်တွေမြို့ မင်းဂံရပ်ကွက်က အမျိုးသမီးတွေအပါအဝင်အရပ်သား ၁၅၀ထက်မနည်းကို ဧည့်စာရင်းအကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၅ ရက်ညနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးထားသူတွေကို ရဲစခန်းနဲ့တပ်ရင်းတွေမှာ ထိန်းသိမ်းထားပြီး ငွေကြေးတောင်းခံကာတချို့ကိုပြန်လွတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံထားရသူတချို့နဲ့နီးစပ်သူတဦးကပြောပါတယ်။

“ဧည့်စာရင်းအကြောင်းပြဘာမှမဟုတ်ဘဲဖမ်းသွားတာ၊ ပိုက်ဆံကတော့တယောက်နဲ့တယောက်မတူဘူး အနည်းဆုံးငါးသိန်းလောက်ပေးရတယ်”လို့ဆွေမျိုးနီးစပ်တချို့ဖမ်းဆီးခံထားရတဲ့စစ်တွေဒေသခံတဦးကDNAကပြောပါတယ်။

ဖမ်းဆီးခံရသူတွေအနက် ပြန်လွတ်လာသူအရေအတွက်ကိုတော့ လတ်တလောမသိရှိရသေးဘဲ DNAကစုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီကမေလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာကို ဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်ကာ ၇၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ရွာသား၃၈ ဦးကို ပုဒ်မအမျိုးမျိုးတပ်ပြီးစစ်တွေမြို့နယ်တရားရုံးမှာအမှုဖွင့်တရားစွဲဆိုထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“စစ်တပ်ကပေးမထွက်တော့ပြေးလို့လည်းမရ စစ်ဖြစ်မှာအပြင် ထင်သလိုလုပ်နေတဲ့သူတို့ရန်ကိုလည်းလူတွေကပူနေရတာ”လို့စစ်တွေမြို့မိဇံရပ်ကွက်နေဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလို့ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် AA ကအသိပေးထားပါတယ်။

လက်ရှိမှာAAက မြို့တော်စစ်တွေပတ်ဝန်းကျင်ဒေသအားလုံးကိုထိန်းချုပ်ထားပြီး စစ်ကောင်စီကတော့ ဒေသခံပြည်သူတွေကို မြို့တွင်းပိတ်ဆို့လူသားဒိုင်းပြုလုပ်ကာ ခုခံဖို့ပြင်ဆင်နေတဲ့အနေအထားလို့လည်းဒေသတွင်းစစ်ရေးစောင့်ကြည့်သူတွေကပြောပါတယ်။