ယိုဖိတ် ရေနံကြောင့် ညစ်နွမ်းနေတဲ့ စင်ကာပူ ကမ်းခြေတွေမှာ ရှင်းလင်းရေးတွေ လုပ်ဆောင်နေ

ဇွန်၊ ၁၇

နိုင်ငံတောင်ပိုင်း ကမ်းခြေတွေမှာ ယိုဖိတ်ရေနံတွေကြောင့် ညစ်နွမ်းမှုတွေကို အမြန်ဆုံး ရှင်းလင်းဖို့ စင်ကာပူ အာဏာပိုင်တွေက အပူတပြင်း ကြိုးစားနေပါတယ်။

ရေကြောင်းသယ်ယူပို့ဆောင်ရေး မတော်တဆမှု တခုကြောင့် အရှေ့တောင်အာရှ ဒေသတွင်း မြို့ပြနိုင်ငံရဲ့ တောင်ပိုင်း ကမ်းခြေတွေမှာ အနက်ရောင် ရေနံ အကျိအချွဲတွေနဲ့ ညစ်နွမ်းကုန်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နယ်သာလန် အလံလွှင့်ထားတဲ့ သောင်တူးသင်္ဘော တစီးဟာ စင်ကာပူ ကမ်းလွန်မှာ လောင်စာတင် သင်္ဘောတစီးနဲ့ တိုက်မိရာက ရေနံယိုဖိတ်မှုတွေ အစပြုခဲ့တာပါ။ သောင်တူးသင်္ဘောဟာ အင်ဂျင် ချွတ်ယွင်းရာက ရေစီးနဲ့မျောပြီး လောင်စာတင် ရေယာဉ်ကို ဝင်တိုက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။

အကျိုးဆက်ကတော့ ဆီသိုလှောင်ကန် ပေါက်သွားပြီး တန်ချိန် ၄၀၀ ဝန်းကျင်လောက် ရေနံတွေဟာ ပင်လယ်ထဲ ယိုဖိတ်ကုန်တာ ဖြစ်ပါတယ်။ အဲဒီထဲက အများအပြားက ကမ်းခြေတွေမှာ လာပြီး သောင်တင်ကုန်ပါတယ်။

Marine Honour ဆီတင်သင်္ဘောရဲ့ ကိုယ်ထည် ပေါက်ပြဲသွားရာက ဆာလ်ဖာဓာတ် လျှော့ထားတဲ့ ရေနံတွေဟာ ပင်လယ်ထဲ ယိုဖိတ်ကုန်တာ ဖြစ်တယ်လို့ စင်ကာပူရဲ့ အဏ္ဏဝါဗေဒနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီတွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နာမည်ကျော် ဆန်တိုဆာ အပန်းဖြေကျွန်းမှာ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေဟာ ရေနံတွေကြောင့် ရေတွေ ညစ်နွမ်းနောက်ကျိပြီး အနံ့တွေ နံနေတာကို လွန်ခဲ့တဲ့ ၃ ရက်လောက်အတွင်း ကြုံတွေ့ခဲ့ရပါတယ်။ လောလောဆယ် ဆန်တိုဆာမှာ ရေကူးခွင့်ကို ပိတ်ထားလိုက်ပြီး တခြား ကမ်းခြေ တချို့ကိုလည်း နောက်ဆက်တွဲ ကြေညာချက်တွေ မတိုင်ခင် ယာယီ ပိတ်ထားလိုက်ပါတယ်။

ကနဦးအဆင့် ဇီဝမျိုးကွဲ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကတော့ ဒေသတွင်းမှာ အရမ်းဆိုးရွားတဲ့ ဂေဟစနစ် ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ညွှန်ပြနေပါတယ်။ ဒါပေမဲ့ ရှင်းလင်းရေး လုပ်ငန်းတွေမှာ ပါဝင် ကူညီပေးနေတဲ့ စေတနာ့ ဝန်ထမ်းတွေက အဲဒီ ရလဒ်ကို အတည်ပြုဖို့ စောလွန်းနေဆဲလို့ သတိပေးထားပါတယ်။ လက်ရှိ အချိန်ထိတော့ စင်ကာပူ ကမ်းရိုးတန်းတွေမှာ မှီတင်းနေထိုင်တဲ့ သားရိုင်းတရိစ္ဆာန်တွေ အကြီးအကျယ် ဆိုးကျိုးခံစားရတာမျိုး မတွေ့ရသေးပါဘူး။

စင်ကာပူ အစိုးရရဲ့ အဆိုအရ ကမ်းခြေတွေကို သန့်စင်ရှင်းလင်းမှုမှာ စေတနာ့ ဝန်ထမ်း ၁၅၀၀ လောက်ကပါ ပူးပေါင်း လုပ်အားပေးနေတယ်လို့ သိရပါတယ်။

Ref: BBC