နမခ စစ်ဌာနချုပ်အနီးက ကာကင်းစခန်း တိုက်ခိုက်ခံရ၊ စစ်သားငါးဦး အရှင်ဖမ်းမိ

Photo – KLG PDF

ဇွန်၊ ၁၃

စစ်ကိုင်းတိုင်းမုံရွာမြို့က စစ်ကောင်စီအနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့ ကာကင်းစခန်းတခုကို ဒေသ ခံတော်လှန်ရေးပူးပေါင်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီဘက်က နှစ်ဆယ်လောက် သေဆုံးပြီး ငါးဦးကိုတော့အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား လေးဆယ်လောက်တပ်စွဲထားတဲ့ အဲ့ဒီကာကင်းစခန်းကို ဇွန်လ ၁၁ရက် ညနေ ငါးနာရီလောက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီဝက်လောက်အတွင်းစခန်းသိမ်းနိုင်ခဲ့တယ်လို့ ကနီနယ်အခြေစိုက် ကျောက်လုံးကြီး PDF (KLG PDF)တပ်ဖွဲ့က  အသိပေးထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စခန်းစွန့်ထွက်ပြေးသွားသူတွေလည်းရှိပြီး တော်လှန်ရေးတပ်တွေက စခန်း ကိုသိမ်းနိုင်ခဲ့ပေမယ့် နမခ ဌာနချုပ်ကနေ စစ်ကူအင်အားတရာလောက် ရောက်လာတာကြောင့် ပြန်ဆုတ်ခွာခဲ့ တယ်လို့ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက လက်နက်ငယ် ကိုးလက်၊ကွန်မန်ဒိုစိန်ပြောင်းတလက်နဲ့ ဗုံးသီး တချို့၊၅ဒသမ၅၆ ကျည် ၁၃၀၀ကျော်တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ KLG PDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။

တိုက်ပွဲအတွင်းအရှင်ဖမ်းမိတဲ့ တပ်သားအဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးကိုတော့ နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနဲ့ အညီ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာကို လွဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

စစ်ကိုင်းတိုင်းရဲ့အုပ်ချုပ်ရေးမြို့တော်ဖြစ်သလို စစ်ကောင်စီရဲ့ စစ်ဌာနချုပ်တခုလည်းအခြေစိုက်တဲ့ မုံရွာမှာ မြို့အ နီးဝန်းကျင်မှာသာမက မြို့တွင်းအထိ တော်လှန်ရေးတပ်တွေရဲ့တိုက်ခိုက်မှုတွေမကြာမကြာဖြစ်လေ့ရှိပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာပြီး ရွာတွေကိုမီးရှို့တာ၊ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်တာနဲ့ တော်လှန် ရေးတပ်ဖွဲ့တွေရဲ့စခန်းတွေကို စီးနင်းတိုက်ခိုက်တာမျိုးတွေလည်း မုံရွာမြို့တဝိုက်မှာ ဖြစ်လေ့ရှိပါတယ်။

အခု နမခ ဌာနချုပ် ကာကင်းစခန်းတိုက်ပွဲမှာတော့ ဒေသတွင်း PDFတပ်ဖွဲ့တွေ ပကဖတွေအပါအဝင် စုစုပေါင်း တော်လှန်ရေးတပ်ဖွဲ့ နှစ်ဆယ်လောက်က စုပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။