ဇွန်၊ ၁၀
လေထု အခြေအနေ ရုတ်တရက် ပြောင်းလဲမှုအတွင်း ထိခိုက်ခဲ့တဲ့ ခရီးသည်တွေကို စင်ကာပူ လေကြောင်းလိုင်းက နစ်နာကြေး ပေးအပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက စင်ကာပူ လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် SQ321 လေယာဉ်ဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ကနေ စင်ကာပူဆီ ဦးတည် ပျံသန်းလာရင်း မြန်မာ့ လေပိုင်နက်ကို ဖြတ်သန်းချိန်မှာ ဆိုးရွားပြင်းထန်တဲ့ လေထု အပြောင်းအလဲ ဒဏ်ကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် လေယာဉ်မှူးဟာ လမ်းကြောင်းပြောင်းပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ သုဝဏ္ဏဘူမိ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
လေယာဉ်က ရုတ်တရက် နိမ့်ဆင်းသွားပြီး ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါမှုတွေကြောင့် ဦးခေါင်းနဲ့ ကျောရိုး ထိခိုက်မှုထိ ဒဏ်ရာပြင်းထန်တဲ့ ခရီးသည်တွေရော၊ အသေးစား ဒဏ်ရာ ရသူတွေပါ ရှိခဲ့ပါတယ်။ ပြီးတော့ အသက် ၇၃ နှစ်အရွယ် ဗြိတိန် အမျိုးသား တဦးကတော့ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။
စင်ကာပူ လေကြောင်းလိုင်းဟာ ဒဏ်ရာရသူတွေအတွက် ဆေးဝါးကုသမှုတွေ စီစဉ်ပေးခဲ့သလို အခုနောက်ဆက်တွဲအဖြစ် နစ်နာကြေး ပေးချေဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
ရေရှည် ဆေးကုသမှု ခံယူရမှာ ဖြစ်သလို ငွေကြေးအသုံးစရိတ် လိုအပ်နေမယ့် ခရီးသည်တွေကို လေကြောင်းလိုင်းက အမေရိကန် ဒေါ်လာ ၂၅၀၀၀ ကို လက်ငင်းပေးချေဖို့ ကမ်းလှမ်းထားပါတယ်။ အသေးစား ဒဏ်ရာလောက်သာ ရရှိတဲ့ ခရီးသည်တွေကိုတော့ ဒေါ်လာ ၁၀၀၀၀ စီ ကမ်းလှမ်းထားသလို ဒဏ်ရာ အခြေအနေအပေါ် မူတည်ပြီး နစ်နာကြေးကို ညှိနှိုင်းဖို့လည်း လမ်းဖွင့်ပေးထားမယ်လို့ ဆိုပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ လေယာဉ် လျှောက်လမ်းပေါ်မှာ ရှိနေတဲ့ အမှုထမ်းတွေနဲ့ လုံခြုံရေးခါးပတ် မပတ်ထားတဲ့ ခရီးသည်တွေဟာ ရုတ်တရက် လေယာဉ် ယိမ်းခါသွားတဲ့အချိန် မျက်နှာကျက်ဆီ အရှိန်နဲ့ ပြေးဆောင့်ပြီး ပိုမိုဆိုးရွားတဲ့ ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ သိရပါတယ်။
မေလ ၂၀ ရက်နေ့ ဖြစ်စဉ်အပြီး နောက်ထပ် ၂ ပတ်အကြာထိ အခြေအနေအရ ဘန်ကောက်မှာရှိတဲ့ ဆေးရုံတွေမှာ ဆက်လက် ကုသမှု ခံယူနေရဆဲ လူနာ ၂၀ လောက် ရှိနေပါတယ်။ အားလုံးလိုလိုက ဦးနှောက်၊ ကျောရိုးမကြီး ထိခိုက်မှုတွေ ကြုံထားရသူတွေလို့ လေကြောင်းလိုင်းက ဆိုပါတယ်။
လေကြောင်းလိုင်းက ခရီးသည်တွေကို လေယာဉ် လက်မှတ်ခတွေ ပြန်ထုတ်ပေးပြီး ခရီးစဉ် နှောင့်နှေးမှု နစ်နာကြေးတွေကိုလည်း ဥရောပ သမဂ္ဂ၊ ဒါမှမဟုတ် ဗြိတိန် အစိုးရရဲ့ သတ်မှတ် စည်းမျဉ်းတွေနဲ့အညီ ထုတ်ပေးသွားမယ်လို့ ပြောပါတယ်။
ကနဦး စစ်ဆေးမှုတွေအရ လေထုထဲမှာ မြေဆွဲအား ရုတ်တရက် ပြောင်းလဲတဲ့ အခြေအနေကြောင့် လေယာဉ်ဟာ ၅၄ မီတာလောက် ချက်ချင်း နိမ့်ဆင်းသွားရာကနေ လူတွေ လေထဲ မြောက်တက်ကုန်တာလို့ စုံစမ်း သိရှိထားပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၂၁၁ ဦးနဲ့ အမှုထမ်း ၁၈ ဦး လိုက်ပါခဲ့ပါတယ်။ အခုဖြစ်ရပ်က လေယာဉ်စီးနေချိန် လုံခြုံရေး ခါးပတ်တွေ မချွတ်ဖို့က ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို တန်ဖိုးကြီးကြီး သင်ခန်းစာ ပေးလိုက်တာလို့ စုံစမ်းရေး အရာရှိတွေက ဆိုပါတယ်။
စင်ကာပူ လေကြောင်းလိုင်းဟာ ကမ္ဘာပေါ်မှာ လုံခြုံရေး မှတ်တမ်း အကောင်းဆုံး လေကြောင်းလိုင်းတွေထဲက တခုအဖြစ်လည်း သတ်မှတ် ခံထားရပါတယ်။
Ref: CNA