AAရဲ့ သံတွဲမြို့သိမ်း ထိုးစစ်ကို ကြည်း၊ ရေ၊ လေသုံး အပြင်းအထန်ခုခံနေရတဲ့ စစ်ကောင်စီ

Photo – Social Media

ဇွန်၊ ၁၀

ရခိုင်ပြည်နယ်တောင်ပိုင်း ခရိုင်မြို့ဖြစ်တဲ့ သံတွဲမှာ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်တွေ မြို့အနီးရောက်လာချိန် စစ်ကောင်စီတပ်ဘက်က ကြည်း၊ ရေ၊ လေ တပြိုင်တည်းသုံး အပြင်းအထန် ခုခံနေပြီး စစ်ကောင်စီရဲ့လေကြောင်း၊ လက်နက်ကြီးကြောင့် သေဆုံးရတဲ့ အရပ်သားအရေအတွက်ဟာလည်း ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်မြောက်ပိုင်းရှိ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း၀န်းကျင်ဒေသတွေနဲ့ တောင်ကုတ် – သံတွဲကားလမ်းတလျှောက်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ AA ဟာ သံတွဲမြို့အနီး ငပလီကမ်းခြေတဝိုက်ရှိ တပ်ရင်းဌာနချုပ်တွေကို ဆက်လက် ထိုးစစ်ဆင်နိုင်ဖို့ ကြိုးစားလာနေတယ်လို့ စစ်ရေးနဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက ငပလီတပ်ရင်းတွေနားမှာပဲ၊ ဖြစ်နေကြတာ တပတ်လောက်ရှိပြီ၊ သိပ်မကြာခင် တပ်ရင်းတွေကို ဝင်ချလိမ့်မယ်ထင်တယ်၊ စကစကလည်း လေယာဉ်နဲ့ အသားကုန်ကြဲနေတယ်”လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သံတွဲဒေသခံ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

AA နဲ့ စစ်ကောင်စီတပ်တို့ဟာ သံတွဲမြို့နဲ့ ငါးမိုင်၀န်းကျင်အကွာ၊ စစ်ကောင်စီရဲ့ ခမရ ၅၆၆၊ ခလရ ၅၅ တပ်ရင်းတို့နဲ့ သုံးမိုင်၀န်းကျင်အကွာ ဂေါ့တ်ကျေးရွာအနီး၀န်းကျင်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေကြတာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖက်က လေကြာင်း၊ ရေကြောင်းပစ်ကူတွေနဲ့ အထိုင်တပ်ရင်း၊ ရေတပ်စခန်းတို့က လက်နက်ကြီးပစ်ကူတွေ ပေးနေသလို Navy Seal(ရေတပ်အထူးတပ်ဖွဲ့) တွေကိုပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

“(သဗြုချိုင်)ရေတပ်နဲ့ (ခလရ) ၅၅ က လက်နက်ကြီးနဲ့ နေ့တိုင်းပစ်တယ်၊ တရက်တရက်မှာ အချက် ရာချီ ပစ်တာ၊ ရွာတွေကိုလည်း ကျတယ်၊ ဒီဖက်မှာ လက်နက်ကြီးကျလို့ သေရင် သဂြိုလ်ဖို့တောင် မလွယ်ဘူး၊ တောက်လျောက်ပစ်နေတာ”လို့ သံတွဲမြို့နယ်တောင်ပိုင်းမှ ဒေသခံစစ်ဘေးရှောင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လေကြောင်း၊ လက်နက်ကြီးတွေဟာ သံတွဲမြို့နယ် ဆင်ခေါင်းရွာထဲနဲ့ အခြားလူနေကျေးရွာတွေဆီ ကျရောက်ပေါက်ကွဲတာတွေ ရှိနေပြီး အစုလိုက်အပြုံလိုက် သေဆုံးရတာအပါအ၀င် သေဆုံးရသူ အရပ်သား တရာကျော်ထိ ရှိပြီလို့ ဒေသတွင်း လူမှုကူညီရေးလုပ်နေသူတွေက ပြောပါတယ်။

အရပ်သားပြည်သူတွေနဲ့ ရွေ့ပြောင်းငါးဖမ်းသမားတွေ နေထိုင်ကြတဲ့ ဆင်ခေါင်းရွာထဲကို ဇွန်လ ၄ ရက်တရက်တည်းမှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့လို့ ဆင်ခေါင်းတရွာတည်းမှ ပြည်သူ တရာနီးပါး သေဆုံးခဲ့ရပါတယ်။

လက်ရှိမှာ ငပလီကမ်းခြေ ဂေါ့တ်ကျေးရွာအနီးတိုက်ပွဲတွေကြောင့် အဲဒီအနီး၀န်းကျင်နဲ့ ကမ်းခြေတလျှောက်မှာရှိတဲ့ ဂေါ့တ်၊ စပါးကြီး ၊ မှိုဟင်းပြင်၊ လင်းသာ၊ မြပြင်၊ ဂျိတ်တော စတဲ့ကျေးရွာတွေမှ ဒေသခံထောင်ချီဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသလို ရွာထဲ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ဒါ့အပြင်  မဇင်ရွာရှိ သံတွဲလေဆိပ်ကိုလည်း စစ်ကောင်စီတပ်က အရပ်ဖက်လေယာဉ်တွေ သွားလာခွင့် ပိတ်ထားကာ လက်နက်၊ ရိက္ခာ၊ လူအင်အားဖြည့်တင်းနိုင်ဖို့ စစ်လေယာဉ်တွေ အတက်အဆင်းလုပ်နေတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။

“ငပလီက တပ်ရင်းတွေ ကျရင် သံတွဲလည်း လက်လွှတ်လိုက်ရတော့မှာလေ၊ အဲဒါကြောင့် အင်အား ဖြည့်ပြီး အသည်းအသန် ခုခံနေတာ၊ ဒရုန်းတွေလည်း အများကြီး ရောက်နေတယ်ကြားတယ်” လို့ စစ်ရေးနဲ့နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။

အဲဒီလို စစ်ကောင်စီဘက်ကအပြင်း အထန် ခုခံနေပေမယ့် တိုက်ပွဲကာလ တပတ်ခန့်အတွင်း စစ်ကောင်စီတပ်အရာရှိအပါအ၀င် ရာကျော် သေဆုံးခဲ့ရတယ်လို့ AA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

“သံတွဲတိုက်ပွဲကို တိုင်းမှူးကိုယ်တိုင် ကွက်ကဲနေတယ်ကြားတယ်၊ ဒါပေမယ့် တပ်ရင်းက စစ်သားတွေရှေ့တန်းမှာ တော်တော် သေသွားပြီ၊ တပ်ရင်း(ဌာန ချုပ်)ထဲမှာ သိပ်မကျန်လောက်တော့ဘူး”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သံတွဲမြို့နယ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၅၅၊ တောင်ကုတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၅) လက်အောက်ခံ ခြေမြန်တပ်ရင်း ၅၆၆ ၊ သဗြုချိုင်ရေတပ်တို့အခြေစိုက်ထားပြီး မြို့ပတ်လည် တောင်တန်းတွေမှာလည်း ရှေ့တန်းစခန်းအချို့ အထိုင်ချထားပါတယ်။

အဲဒီအခြေစိုက်တပ်ရင်းတွေနဲ့ ရေတပ်စခန်းတို့ကို ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ တိုက်ပွဲစဖြစ်ကတည်းက လက်နက်၊ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ရှိနေခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

အဲဒီထဲက သဗြုချိုင်ရေတပ်စခန်းကို ပြီးခဲ့တဲ့နှစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သံတွဲရောက်တုန်းက သွားရောက်ခဲ့ပြီး Navy Seal(ရေတပ်အထူးတပ်ဖွဲ့၀င်)တွေ စစ်ရေးလေ့ကျင့်မှုလည်း လုပ်ခဲ့ကြပါတယ်။

လက်ရှိမှာ သံတွဲမြို့နယ်တွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် သိန်းဂဏန်းထိ ရျှိနပွေီး မြို့ပေါ်နေသူ သုံးပုံတပုံ၀န်းကျင်ဟာလည်း ရန်ကုန်အပါအ၀င် ပြည်မမြို့တွေဆီ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သံတွဲမြို့ပေါ်သို့ အ၀င်အထွက်လမ်းတွေကို ကန့်သတ်ထားပြီး တောင်ကုတ်ကနေ သံတွဲမြို့အ၀င်ပေါက်ကိုတော့ လုံး၀ပိတ်ထားပါတယ်။

ဒါ့ကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးဖြစ်နေပြီး စားနှပ်ရိက္ခာနဲ့ စက်သုံးဆီဈေးတွေ မြင့်တက်နေကာ စစ်ရှောင်တွေအဖို့ သွားလာတိမ်းရှောင်ဖို့လည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“ပြေးဖို့ ထွက်ပေါက်က သိပ်မရှိဘူး၊ ပိတ်မိသလို ဖြစ်နေတယ်၊ လက်နက် ကြီးကလည်း နေ့တိုင်း ခေါင်းပေါ်က သွားနေတယ်”လို့ သံတွဲမြို့နယ်တောင်ပိုင်းမှ နောက်ထပ် စစ်ရှောင်တဦးက ပြောပါတယ်။

ချင်းပြည်နယ် ပလက်၀နဲ့ ရခိုင်ပြည်နယ်ထဲ မြို့နယ်ထက်၀က်ကျော်(ကိုးမြို့နယ်)ကို  သိမ်းပိုက်ထားတဲ့ AA ဟာ  သံတွဲ၊ မောင်တော၊ အမ်းတို့မှာ ထိုးစစ်တွေ တပြိုင်တည်း လုပ်နေပြီး ကျန်နေသေးတဲ့ တောင်ကုတ်၊ မာန်အောင်၊ ဂွ၊ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်ကိုပါ ဆက်လက် သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ တရား၀င်ထုတ်ပြန်အသိပေးထားပါတယ်။