Photo – Social Media (စခန့်စွန့်ထွက်ပြေးချိန်စက်လှေမှောက်ခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ)
ဇွန်၊ ၁၀
မောင်တောမြို့နယ်မှာ တပ်ဆုပ်ထွက်ပြေးလာကြချိန်စက်လှေတိမ်းမှောက်သေဆုံးခဲ့ရတဲ့ စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့မိသားစုဝင် ကလေးနဲ့ အမျိုး သမီးတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုပါတယ်။
“ရက်စက်ယုတ်မာသူများအတွက် ကံ” ကံ၏ အကျိုး ဟုဆိုသော်ငြားလည်း ခလေးသူငယ်နှင့် အမျိုးသမီးများအတွက် လွန်စွာစိတ်မကောင်းဖြစ်ရပါသည်” လို့ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က X လို့ အမည်ပြောင်းထားတဲ့ တွစ်တာလူမှုကွန် ရက်မှာ ဒီနေ့ ရေးသားထားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက မောင်တောမြို့နယ်ရှိ အမှတ်(၄) နဲ့ အမှတ်(၉) နယ်ခြားစောင့်တပ်ဖွဲ့ခွဲတွေကို AA ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ပင် လယ်ပြင်အတိုင်း ရေကြောင်းကနေ ဆုတ်ခွာထွက်ပြေးရင်း စစ်ကောင်စီနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေလိုက်ပါတဲ့ စက်လှေတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီစက်လှေတိမ်းမှောက်မှုကြောင့် နယ်ခြားစောင့် ရဲမေနှစ်ဦးနဲ့ ကလေးငယ်နှစ်ဦး ပျောက်ဆုံးနေကာ ကလေးတချို့လည်း ရေနစ်မွမ်းသတိလစ်သွားတယ်လို့ စစ်ကောင်စီတပ်သားကိုယ်တိုင် တိုက်ရိုက် ရိုက်ကူး(live လွှင့်)ထားပြီး အွန်လိုင်းပေါ် ပျံ့နေတဲ့ ရုပ်သံဖိုင်မှာ ပြောဆိုထားတာ တွေ့ရပါတယ်။
အဲဒီနယ်ခြားစောင့်တပ်သားတွေနဲ့ မိသားစု၀င်တွေဟာ ကမ်းထိုးဇက်ရေယာဉ်နဲ့ ကယ်ပေးမယ်ဆိုပြီး စစ်ကောင်စီရဲ့ မောရ၀တီဗျူဟာက အကြောင်း ကြားချိတ်ဆက်လာတာကြောင့် စက်လှေနဲ့ ဆုတ်ခဲ့ကြတာဖြစ်ပေမယ့် တကယ်ပြေးလာချိန်မှာတော့ ကယ်မပေးတဲ့အပြင် သေနတ်နဲ့ပါ လှမ်းပစ်ခဲ့တယ်လို့ရုပ်သံဖိုင်ထဲမှာ စစ်ကောင်စီတပ်သားလို့ ယူဆရသူတဦး ပြောဆိုထားပါတယ်။
“နောက်ကျန်တပ်ဖွဲ့ဝင်တွေ မိန်းမတွေ၊ သားသမီးတွေ ကလေးတွေဗျာ လက်ကျန်တပ်ဖွဲ့ဝင်တွေ ဒဏ် ရာရသူတွေ သွားပို့တဲ့အချိန်မှာ နှစ်စီးလုံးကို သေ နတ်နဲ့ ပစ်လွှတ်တယ်ဗျာ။ကမ်းထိုးပေါ်ကို အကပ်မခံဘူးတဲ့။ အကပ်လည်းမခံဘူးတဲ့ဗျာ။ အဲဒါ ပြန်လှည့်လာတော့ ကမ်းခြေမှာ လှိုင်းထန်နေတော့ စက်လှေမှောက်တယ်ဗျာ” လို့ ရုပ်သံဖိုင်မှာ ပြောဆိုထားတာ တွေ့ရပါတယ်။
AA ပြောခွင့်ရ ဦးခိုင်သုခကလည်း အဲဒီရုပ်သံဖိုင်နဲ့ ပက်သက်လို့ စစ်ကောင်စီတပ်ခေါင်းဆောင်တွေကို သူရဲ့ Telegram Channel ကနေတဆင့် ဝေဖန်ရေးသားထားပါတယ်။
“တပ်ပျက်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ သူတို့အချင်းချင်းကြား လူသားချင်းစာနာ စိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင်တပ်မှူးကြီးများ၏ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနှင့် လူ့အသိစိတ်ဓါတ်ပျောက်ဆုံးမှုတို့ကို ရှင်းရှင်း လင်းလင်းဖော်ပြနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုယ်တိုင်ရိုက် ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
မောင်တောမြို့နယ်မြောက်ပိုင်းနယ်စပ်တလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ထားတဲ့ AA ဟာ မြို့နယ်တောင်ပိုင်း အငူမော် – မောင်တောကားလမ်းပေါ်ရှိ အင်အားရာချီရှိ အထိုင်ချနယ်ခြားစောင့်တပ်ဖွဲ့ခွဲတွေကို အခုလဆန်းပိုင်းမှာ ထပ်မံသိမ်းပိုက်ရရှိခဲ့ပါတယ်။
ဒါ့အပြင် အခုဆက်ပြီးတော့လည်း မောင်တောမြို့နယ်အတွင်းက နောက်ဆုံးလက်ကျန်တပ်စခန်းတွေဖြစ်တဲ့ မောရ၀တီဗျူဟာ၊ အလယ်သံကျော်၊ နားခေါင်းတိုနဲ့ မြို့စောင့်စခန်း နခခ(၅) တို့ကို ထိုးစစ်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ကိုးခုနဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နိုင်ငံတို့နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်၀မြို့ နယ်တို့ကို သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ AA ဟာ မောင်တောမြို့နယ်က လက်ကျန်စခန်းတွေကိုသိမ်းပိုက်နိုင်ရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်တလျှောက်လုံးကို အပြည့်အ၀ ထိန်းချုပ်နိုင်တော့မှာဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ အမ်းမြို့နယ်တို့မှာလည်း AA က ထိုးစစ်တွေ လုပ်နေပြီး ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူအပါအ၀င် ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့နယ်တွေအားလုံးကို ဆက်လက်သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။