ဇွန် ၊ ၈
ဂါဇာ ကမ်းမြှောင်ဒေသမှာ လှိုင်းဒဏ်ကြောင့် အစိတ်အပိုင်းတွေ ပြုတ်ထွက် ပျက်စီးခဲ့တဲ့ အမေရိကန်ရဲ့ ယာယီ ရေပေါ် ဆိပ်ခံကို ပြင်ဆင်မှု ပြီးစီးသွားလို့ ပါလက်စတိုင်း ပြည်သူတွေအတွက် ထောက်ပံ့ရေး လုပ်ငန်းတွေ ပြန်လည် စတင်နိုင်တော့မယ်လို့ သိရပါတယ်။
အမေရိကန် အင်ဂျင်နီယာတပ်ဟာ ရေလမ်းကြောင်းကနေ ဝင်ရောက်လာမယ့် ထောက်ပံ့ရေး ရေယာဉ်တွေ ဂါဇာကမ်းလွန်မှာ ဆိုက်ကပ်နိုင်မယ့် အဲဒီ ယာယီ ဆိပ်ခံကို တာဝန်ယူ တည်ဆောက်ပေးခဲ့တာ ဖြစ်ပါတယ်။ ယာယီဆိပ်ခံကြောင့် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေဟာ ဂါဇာကို မြေမနင်းဘဲ လူသားချင်း စာနာမှု မစ်ရှင်တွေမှာ ပါဝင် ဆောင်ရွက်နိုင်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ကြွေးကြော်ထားပါတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က အဲဒီ ဆိပ်ခံဟာ လှိုင်းကြီးတဲ့ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး အစိတ်အပိုင်း တချို့က ဂါဇာ ကမ်းရိုးတန်းမှာ သောင်တင်နေခဲ့ပါတယ်။ ဒေါ်လာ သန်းပေါင်း ၂၀၀ နဲ့ ၃၀၀ ကြား အသုံးပြု တည်ဆောက်ထားတဲ့ ဆိပ်ခံက လုပ်ငန်းစတင် လည်ပတ်ပြီး လှိုင်းဒဏ် ခံလိုက်ရတာနဲ့ ပတ်သက်လို့ အတော်လေးလည်း လှောင်ပြောင်ဝေဖန်တာတွေနဲ့ ကြုံလိုက်ရပါတယ်။
အမေရိကန် ရေတပ်က အဲဒီဆိပ်ခံကို အစ္စရေးပိုင် ဆိပ်ကမ်းတစ်ခုဆီ ဆွဲယူသွားပြီး ပြန်လည် ပြင်ဆင် အားဖြည့်ခဲ့တဲ့နောက် ဇွန်လ ၇ ရက်နေ့မှာတော့ ဂါဇာ ကမ်းရိုးတန်းဆီ ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ရက်ပိုင်းအတွင်း နောက်ထပ် ထောက်ပံ့ရေး သင်္ဘောတွေ အဲဒီဆိပ်ခံမှာ ဆိုက်ကပ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း အခု ထောက်ပံ့ရေး မစ်ရှင်မှာ ပါဝင်ကြီးမှူးနေတဲ့ နောက်တန်း သေနာပတိ ဘရက်ဒ် ကူးပါးက ဆိုပါတယ်။ သူက ဂါဇာကို အမေရိကန်တပ်တွေ ခြေမချဖို့ ဆုံးဖြတ်ထားတဲ့ မူဝါဒက လက်ရှိ အချိန်ထိ အသက်ဝင်နေဆဲလို့လည်း ကူးပါးက ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ လတုန်းက အဲဒီဆိပ်ခံကို အသုံးပြုပြီး ဂါဇာပိုင်နက်ထဲကို လူသားချင်း စာနာမှု အထောက်အပံ့ ပစ္စည်းအမျိုးမျိုး ပေါင်ချိန် ၂ သန်းကျော် တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
Ref: CNN