မြန်မာစစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ အကြီးအကဲ ရှုတ်ချ

ဇွန် ၊ ၈

မြန်မာ စစ်တပ်က လတ်တလော ကျူးလွန်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက် သေကြေခဲ့ရတာကို ကုလသမဂ္ဂ အကြီးအကဲက အပြင်းအထန် ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ရဲ့ကိုယ်စား ပြောရေးဆိုခွင့်ရ အရာရှိ စတီဖန်နီ ဒူဂျာရစ်က အခုကြေညာချက်ကို ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဂူတာရက်စ်ဟာ လက်ရှိ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခတွေ ပိုမို ပြင်းထန် ဆိုးရွားလာနေတာကိုလည်း စိုးရိမ်ကြောင်း ဒူဂျာရစ်က ဆိုပါတယ်။

စစ်တပ်ဟာ စစ်ဘက်၊ အရပ်ဖက် ပစ်မှတ်တွေ ခွဲခြားမှု မရှိဘဲ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံအနှံ့မှာ ကျူးလွန်နေကြောင်း၊ အဲဒီလို ကျူးလွန်သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေလည်း လိုအပ်ကြောင်း ကုလသမဂ္ဂ အကြီးအကဲရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရခိုင်နဲ့ စစ်ကိုင်းတိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေအပေါ် ကုလသမဂ္ဂ ကြေညာချက်မှာ အလေးထား ထုတ်နုတ်ပြထားပါတယ်။

ဒူဂျာရစ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အနေနဲ့ မြန်မာ့ ပဋိပက္ခဟာ ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း သက်ရောက်မှုတွေ ရှိလာမှာကို စိုးရိမ်နေပြီး ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကြား မြန်မာ့အရေးအတွက် စုပေါင်း အာရုံစိုက် ကူညီ ဖြေရှင်းမှုတွေ အကောင်အထည် ဖော်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အထူးသဖြင့် ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ် ဂျူလီ ဘိရှော့ရဲ့ အားထုတ် ကြိုးပမ်းမှုတွေ အထမြောက်စေရေး အားပေး ကူညီကြဖို့၊ အာဆီယံ အပါအဝင် မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ပြဿနာအတွက် အဖြေရှာကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံအနှံ့ စစ်ရေး ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခြင်းနဲ့အတူ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ရှောင်ဦးရေကလည်း တစထက်တစ တိုးပွားလာနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရှောင် ဦးရေ ၃ သန်းလောက် ရှိနေပြီး နောက်ထပ် အများအပြားက အိမ်နီးချင်း နိုင်ငံတွေဆိ တိမ်းရှောင် ထွက်ပြေးနေရကြောင်း ပြောကြားသွားပါတယ်။

Ref: The Sun