သံတွဲမြို့နယ် ဆင်ခေါင်းရွာကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့အရပ်သားခြောက်ဆယ်ထက်မနည်းသေဆုံး

Photo – နိရိဥ္စရာ

ဇွန်၊ ၇

သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို  စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားခြောက်ဆယ်ထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေပြောပါတယ်။

ဆင်ခေါင်းကျေးရွာကို  စစ်ကောင်စီက ဇွန်လ ၄ ရက်ကစလို့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီးသေဆုံးသူအရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။

“ဖုန်းရောအင်တာနက်ရောပြတ်နေတော့အတိအကျတော့ပြောမရဘူး၊အခုထိတော့ခြောက်ဆယ်ကျော်အလောင်းရတယ် တရာလောက်သေတယ်ပြောတယ်”လို့သူကDNAကို ဒီကနေ့လေည်ပိုင်းမှာပြောပါတယ်။

ထိခိုက်သေဆုံးသူအရေအတွက်အတိအကျကိုသိရဖို့အတွက်DNAအနေနဲ့ ဆက်သွယ်စုံစမ်းနေပါတယ်။

ဆင်ခေါင်းကျေးရွာဟာ သံတွဲမြို့နဲ့၆မိုင်ကျော်လောက်မှာတည်ရှိပြီး တိုက်ပဲဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းကပစ်ခတ်ခဲ့တာလို့အထက်ပါသတင်းရင်းမြစ်ကဆိုပါတယ်။ဒါအပြင်ဒီကနေ့မှာလည်းစစ်ကောင်စီရေတပ်က ဆင်ခေါင်းကျေးရွာဖက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့သူကဆက်ပြောပါတယ်။

လက်ရှိမှာဆင်ခေါင်းကျေးရွာအပါအဝင်သံတွဲမြို့နယ်ဒေသခံအများစုဟာဘေးကင်းမယ်လို့ယူဆတဲ့နေရာတွေမှာတိမ်းရှောင်နေရတာပါ။

AA ဟာ သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလလယ်လောက်က တည်းက ထိုးစစ်စတင်ခဲ့ပြီးရွှေလှေတိုက်နယ် တပ်စခန်း၊ ရေကောက်ရွာအနီးရှိတပ်စခန်းနဲ့ ရေအားလျှပ်စစ်စီမံကိန်းရှိ တပ်စခန်းတချို့တို့ကို သိမ်းပိုက်ထားတာပါ။

အဲဒီနောက်ပြီးခဲ့တဲ့ဇွန်လ၂ရက်ကစလို့ ငပလီကမ်းခြေနဲ့ တမိုင်ကျော်လောက်သာကွာဝေးတဲ့ ဂေါ့ကျေးရွာအနားမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။။ ငပလီကမ်းခြေနဲ့သံတွဲမြို့က ၄မိုင်လောက်သာကွာဝေးတာပါ။

လက်ရှိအချိန်မှာတိုက်ပွဲတွေဟာသံတွဲမြို့နဲ့၅မိုင်လောက်သာကွာဝေးတော့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။

သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ခမရ (၅၆၆)၊ ခလရ (၅၅) တပ်ရင်းတွေရှိတယ်လို့လည်း ဒေသတွင်းစစ်ရေးစောင့်ကြည့်သူတဦးကဆိုပါတယ်။

ဒါအပြင်သံတွဲမြို့နယ်မှာAAထိုးစစ်ပြင်းထန်လာတာနဲ့အတူ စစ်ကောင်စီ အခြေစိုက်တပ်ရင်းတွေနဲ့ရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးတာတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။