ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ ရှုတ်ချ

ဇွန် ၇ 

ဗျိုင်းဖြူကျေးရွာမှာ အရပ်သားတွေကို အစုလိုက်အပြုံသတ်ဖြတ်ခဲ့မှုနဲ့ပတ်သတ်လို့ စစ်ကောင်စီကို မြောက်ပိုင်းညီနောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကရှုတ်ချလိုက်ပါတယ်။

စစ်တွေမြို့နယ်ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ပြည်သူ ၇၀ ကျော်ကို စစ်ကောင်စီတပ်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ကို ရှုတ်ချတယ်လို့အာရက္ခတပ်တော် (AA)ရဲ့မဟာမိတ်ဖြစ်တဲ့ပလောင်(TNLA) နဲ့ ကိုးကန့် (MNDAA) ညီနောင် (၂)ဖွဲ့က ဇွန်လ၆ရက်စွဲ့နဲ့ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ စစ်သင်တန်းဆင်း ရိုဟင်ဂျာ(မွတ်ဆလင်လို့သုံး)တွေ အပါအဝင် အင်အား (၁၇၀) ကျော်က မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူရွာထဲ ဝင်ရောက်လာပြီး ကလေးနဲ့အမျိုးသမီးတွေအပါအဝင်တစ်ရွာလုံးကို ဖမ်းဆီးခဲတာပါ။

အဲဒီနောက်ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေကိုအမျိုးမျိုး နှိပ်စက်ညှင်းပန်းတာ အမျိုးသမီးတွေကို အဓမ္မကျင့်တာတွေပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် ပြည်သူ (၇၆) ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး အလောင်းဖျောက်တာ၊ ရွှေငွေပစ္စည်းတွေယူသွားတာစတဲ့လုပ်ရပ်တွေကို စစ်ကောင်စီက လက်ရဲဇက်ရဲလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုဗျိုင်းဖြူရွာဖြစ်စဉ်ကျူးလွန်မှုမျိုးကို ရခိုင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံးအနှံ့ နောက်ထပ်မလုပ်ဆောင်ရန်နဲ့ချက်ချင်းရပ်တန့်ရန်လည်းစစ်ကောင်စီကို ညီနောင်မဟာမိတ်နှစ်ဖွဲ့က သတိပေးထားပါတယ်။

ဒါ့အပြင်စစ်ကောင်စီရဲ့လုပ်ရပ်တွေကိုထိရောက်စွာအကာအကွယ်ပေးဖို့ အတွက်လည်းကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံထားပါတယ်။

စစ်ရှုံးစစ်ကောင်စီရဲ့လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်မှုရန်မှ ကင်းဝေးစေဖို့ စစ်ရေးသတိနဲ့နေထိုင်ကြရန်လည်းပြည်သူတွေကိုတိုက်တွန်းထားတာပါ။

ဗျိုင်းဖြူရွာဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်ခဲ့သူအားလုံးကို လက်စားချေ တုံ့ပြန်သွားမယ်လို့လည်းအာရက္ခတပ်တော် (AA) က ဇွန်လ ၂ ရက်မှာထုတ်ပြန် သတိပေးထားပါတယ်။

ကိုယ်တိုင်ဖမ်းဆီးရိုက်နှက်ခံရပြီး ပြန်လွတ်မြောက်လာတဲ့ဗျိုင်းဖြူရွာသားတချို့ကတော့ စစ်ကောင်စီလက်ချက်ကြောင့်

သေဆုံးသူအရေအတွက်မှာ ရာဂဏန်းရှိနိုင်တယ်လို့DNAကိုပြောထားပါတယ်။

လတ်တလောမှာလည်း စစ်တွေမြို့ပေါ်မှာတိမ်းရှောင်နေရတဲ့ဗျိုင်းဖြူကျေးရွာသားတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။