စစ်တပ်က ငွေစက္ကူတွေ ရိုက်ထုတ်နေချိန် တွင်းဆုံးကျလာနေတဲ့ မြန်မာ့စီးပွားရေး

(အာဏာသိမ်း စစ်တပ်ဟာ သူတို့ရဲ့ စစ်ဆင်ရေးတွေ အသက်ဆက်နိုင်အောင် ဘဏ္ဍာရေး ထောက်ပံ့ဖို့အတွက် ငွေစက္ကူတွေကို အဆက်မပြတ် ရိုက်ထုတ်နေပြီး ငွေကြေးဖောင်းပွမှုဟာ ကြောက်ခမန်းလိလိ ဆိုးရွားလာနေပါတယ်)

ကျပ်ငွေ တန်ဖိုး ထိုးကျလာတာ၊ နိုင်ငံခြားငွေ (ဒေါ်လာ) အပိုဆောင်း သိုလှောင်နိုင်စွမ်း လျော့နည်းလာတာ၊ ငွေကြေးဖောင်းပွမှုတွေ တရိပ်ရိပ် တိုးလာနေတာတွေဟာ နိုင်ငံရဲ့ စီးပွားရေးကို ပိုနက်ရှိုင်းတဲ့ အကျပ်အတည်းထဲ ဆွဲချနေတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က အရေးတကြီး ထောက်ပြ သတိပေးလာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်နဲ့ ယှဉ်လိုက်ရင် မြန်မာကျပ်ငွေဟာ ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ ၇၀ ရာခိုင်နှုန်းလောက် ထိုးကျသွားပါတယ်။ ပြည်တွင်းမှာ ရှိနေတဲ့ ဒေါ်လာ ပမာဏဟာလည်း ၃.၈ ဘီလီယံ၊ ဒါမှမဟုတ် အဲဒီအောက်ထိ လျော့နည်းနေပြီလို့ ယုံကြည်ရပါတယ်။ ကုန်စျေးနှုန်းတွေ တက်တဲ့ နှုန်းကလည်း ရာခိုင်နှုန်း ဆယ်ဂဏန်းကနေ မဆင်းတော့ဘူးလို့ NUGရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က အခုသီတင်းပတ် အစောပိုင်းမှာ ပြုလုပ်တဲ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲကို နိုင်ငံတကာ မီဒီယာတွေ၊ ကုလသမဂ္ဂ အေဂျင်စီဆိုင်ရာ အရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်တိုက် ဆုတ်ယုတ် ကျဆင်းလာတဲ့ မြန်မာ့ စီးပွားရေးနဲ့ ပတ်သက်လို့ အချိန်နဲ့ တပြေးညီ ကောက်နုတ် ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေ ရှားပါးနေချိန်မှာ အဲဒီ သတင်းစာ ရှင်းလင်းပွဲက ကိုးကားတန်ဖိုး အသစ်တွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်၊ မတ်လမှာ ပြီးဆုံးတဲ့ ဘဏ္ဍာရေးနှစ်ရဲ့ ဇန်နဝါရီလတုန်းကသာ နောက်ဆုံးအကြိမ်အဖြစ် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက GDPဟာ ၃.၄ ရာခိုင်နှုန်း တက်ရိပ်ပြလာပြီး ပြည်တွင်း ဒေါ်လာ သိုလှောင်နိုင်မှုဟာ ၁၂.၁ ဘီလီယံရှိကြောင်း၊ ငွေကြေးဖောင်းပွမှု ၂၄.၄ ရာခိုင်နှုန်းရှိကြောင်း စစ်တပ်က ဖော်ပြခဲ့ဖူးပါတယ်။

အခုနောက်ဆုံး NUGက ခန့်မှန်းဖော်ပြချက်တွေအပေါ် Bloomberg သတင်းဌာနက စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် text messageတွေကို တုံ့ပြန်လာခြင်း မရှိပါဘူး။

သတင်းစာ ရှင်းလင်းပွဲမှာတော့ ဦးတင်ထွန်းနိုင်က စစ်တပ်ဟာ သူတို့ရဲ့ စစ်ဆင်ရေးတွေကို အသက်ဆက်နိုင်ဖို့ ကျပ်ငွေစက္ကူတွေ အလွန်အကျွံ ရိုက်ထုတ်နေတဲ့ အကြောင်းကို ပြောပြသွားပါတယ်။ ပြည်ပရောက် မြန်မာတွေက ပြည်တွင်းကို ငွေလွှဲနေတာတွေကလည်း လစဉ် ပျမ်းမျှ ဒေါ်လာ သန်း ၁၀၀ လောက် ရှိရာကနေ အခုလပိုင်းအတွင်း ၅၀ ရာခိုင်နှုန်း ဝန်းကျင်လောက် ကျဆင်းသွားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ Financial Action Task Forceက အခုလကုန်လောက်မှာ အာဏာသိမ်း စစ်တပ်အပေါ် အပြည့်အဝ ပိတ်ဆို့အရေးယူမှု အစီအမံသစ်တွေ ကျင့်သုံးလာဖွယ်ရှိပြီး အဲဒီ အခြေအနေက စစ်တပ်အတွက် ဘဏ္ဍာရေးအရ ပိုအကျပ်ရိုက်လာနိုင်တယ်လို့လည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

 NUGဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းချိန်က လွတ်မြောက်ခဲ့တဲ့ ရွေးကောက်ခံ လွှတ်တော် အမတ်တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး အစုအဖွဲ့တွေ စုပေါင်း လည်ပတ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေ ဆုံးရှုံးမှုကလည်း သိသိသာသာ တိုးလာတယ်လို့ NUGက ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်ကို စွန့်ခွာပြီး အလင်းဝင်မှုတွေလည်း ပိုများလာကြောင်း သိရပါတယ်။ ပြည်တွင်းမှာ နေရာအနှံ့ လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် ၂၀၂၁ ခုနှစ် ကတည်းက စစ်တပ် ကြေညာထားတဲ့ အရေးပေါ် အခြေအနေ သတ်မှတ်ကာလ ထပ်တိုးပြီး စစ်တပ်က ကြိုးကိုင်မယ့် ရွေးကောက်ပွဲ ကျင်းပရေး ရည်ရွယ်ချက်လည်း လမ်းချော်သွားနိုင်ခြေတွေ ရှိနေဆဲပါ။

သတင်းစာ ရှင်းလင်းပွဲမှာ ပါဝင် ဆွေးနွေးခဲ့သူ ဩစတြေးလျ စီးပွားရေး ပညာရှင် ရှောင်တာနဲလ်က နိုင်ငံရေး မတည်ငြိမ်မှုဟာ ငွေလဲနှုန်းတွေ အခြေအနေ ဆိုးနေခြင်းကို တစိတ်တပိုင်း တွန်းအားပေးနေပြီး ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေကြောင်း၊ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ တခြားနိုင်ငံတွေထက် သိသိသာသာ မြင့်မားနေကြောင်း ပြောကြားသွားခဲ့ပါတယ်။ တာနဲလ်ဟာ လက်ရှိ အကျဉ်းချ ခံထားရသူ မြန်မာအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ အကြံပေး ပုဂ္ဂိုလ် ဖြစ်ခဲ့သလို NUGအတွက်လည်း ဘဏ္ဍာရေးဆိုင်ရာ အကြံပေးအဖြစ် ဆက်လက် ကူညီနေပါတယ်။ ဘတ်ဂျတ် လိုငွေတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ငွေစက္ကူအသစ်တွေ ရိုက်နှိပ်တဲ့နည်းနဲ့ စစ်တပ်က ဖြေရှင်းနေပြီး အကျိုးဆက်က မြန်မာကျပ်ငွေ တန်ဖိုးကို အကြီးအကျယ် အထိနာစေခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနဲ့ ပတ်သက်လို့ နောက်ထပ် အကြောင်းတရား တခုအဖြစ် စစ်တပ်က ငွေလဲနှုန်းတွေကို အမျိုးမျိုး သတ်မှတ်တာကိုလည်း တာနဲလ်က အပြစ်တင်ခဲ့ပါသေးတယ်။ ဒီတော့ လူတွေက ကျပ်ငွေအပေါ် အယုံအကြည် ကင်းမဲ့လာပြီး ရွှေနဲ့ ဒေါ်လာတွေကို ရနိုင်သမျှ အဝယ်များလာပါတယ်။ အကျိုးဆက်က ရွှေစျေးတွေပါ လိုက်တက်ကုန်ပါတော့တယ်။

စစ်တပ် ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က တရားဝင် ငွေလဲနှုူန်းကို တဒေါ်လာအတွက် ၂၁၀၀ ကျပ်လို့ သတ်မှတ်ထားဆဲဖြစ်ပြီး အွန်လိုင်း ကုန်သွယ်ရေး ပလက်ဖောင်းတွေမှာတော့ တဒေါ်လာကို ပျမ်းမျှ ၃၃၄၀ ကျပ်ဝန်းကျင်၊ ငွေလွှဲမှုတွေအတွက် တဒေါ်လာကို ၃၅၂၀ ကျပ်ဝန်းကျင် သတ်မှတ်ထားပြန်ပါတယ်။ ရွှေစျေးကလည်း စစ်တပ် အာဏာပိုင်တွေ တရားဝင် ထုတ်ပြန်ထားတဲ့ စျေးထက် အနည်းဆုံး ၁၆ ရာခိုင်နှုန်းလောက် ပိုကြီးနေပါတယ်။

ဒေါ်လာ စျေးကွက်က ပြိုဆင်းသွားမှာ မဟုတ်ပေမယ့် မှောင်ခိုလှုပ်ရှားမှုတွေဆီ ဦးတည်အောင် တွန်းအားပေးတာ ခံရလိမ့်မယ်လို့လည်း တာနဲလ်က ခန့်မှန်းသွားခဲ့ပါတယ်။

အခု သီတင်းပတ် အစောပိုင်းမှာတော့ အာဏာသိမ်း စစ်တပ်ဟာ ပြည်တွင်းမှာ ဒေါ်လာနဲ့ ရွှေစျေး မတည်ငြိမ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူတွေကို စတင် အရေးယူပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ရွှေဆိုင်ပိုင်ရှင်တွေနဲ့ ငွေလဲလုပ်ငန်း ပိုင်ရှင်တချို့ကိုပါ ဖမ်းဝရမ်းထုတ်ပြီး ထုတ်နေပြီ ဖြစ်ပါတယ်။

(Bloomberg၏ Myanmar’s shadow government flags deepening economic turmoil ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)