ထိုင်းမှာ ကိုဗစ် ကူးစက်မှုတွေ ရှိနေပေမယ့် Booster ဆေးထပ်ထိုးဖို့ မလိုဘူးလို့ဆို

ဇွန်၊ ၆

ထိုင်းနိုင်ငံမှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ရောဂါ အခြေအနေနဲ့ ပတ်သက်လို့ လူအများစုဟာ အားဖြည့် ကာကွယ်ဆေး Booster ထပ်ထိုးဖို့ မလိုဘူးလို့ ထိုင်းဆေးသိပ္ပံ ပညာရှင် တဦးက အတည်ပြုခဲ့ပါတယ်။ 

ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ ဗိုင်းရပ်စ်ပညာရှင် ဒေါက်တာ ယန် ပွန်ဗိုရာဝမ်က လက်ရှိ အဓိက ကူးစက် ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲရဲ့ ရောဂါလက္ခဏာတွေက အတော်လေး ပျော့ပျောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ အခုလိုမျိုး မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေရဲ့ ဖျက်အား လျော့ကျလာတာဟာ လူပေါင်းများစွာ ကာကွယ်ဆေးထိုးပြီး စုပေါင်း ကိုယ်ခံအား (herd immunity) တည်ဆောက်ထားနိုင်ခြင်းရဲ့ အကျိုးကျေးဇူး တခု ဖြစ်တယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ တခုခု ကူးစက်ခြင်း ခံထားရဖူးပြီး ဖြစ်နေပါတယ်။ လက်ရှိ ရောဂါ ကူးစက်မှုတွေဟာ စိုးရိမ်လောက်စရာ ခြိမ်းခြောက်မှု မဟုတ်တော့သလို ကာကွယ်ဆေး ထိုးဖူးပြီးသူတွေ အတွက်လည်း တသီးတသန့် Booster ထပ်ထိုးဖို့ မလိုတော့ဘူးလို့ ဒေါက်တာ ယန်က ဆိုပါတယ်။

ကိုဗစ်ဟာ တချိန်က လူသားမျိုးနွယ်စု တခုလုံးကို ခြိမ်းခြောက်ခဲ့တဲ့ ကမ္ဘာ့ ကပ်ရောဂါဆိုးကြီး ဖြစ်ခဲ့ဖူးပေမယ့် အခုတော့ ဒေသ အသီးသီးမှာ ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ သာမန် ကူးစက်ရောဂါ တခုအသွင် တဖြည်းဖြည်း ပြောင်းလဲရောက်ရှိသွားပါတယ်။ ထိုင်းနဲ့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာတော့ မိုးရာသီမှာ ကိုဗစ် ကူးစက်မှုတွေ အဖြစ်များတတ်ပါတယ်။

ဒေါက်တာယန်က တစ်နှစ်ပတ်လုံးစာ ကာလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေဟာ ၃၀၀ မကျော်လောက်ဘူးလို့လည်း ခန့်မှန်းပါတယ်။ ဒါဟာ နှစ်စဉ် တုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်နဲ့ တူတူလောက်ပါပဲ။

ကိုဗစ်ဟာ နာတာရှည် ရောဂါလိုမျိုး ကျန်းမာရေး နောက်ခံ အားနည်းချက် ရှိနေတဲ့ သူတွေမှာ ပိုပြီး ကြီးမားတဲ့ ခြိမ်းခြောက်မှုမျိုး သက်ရောက်စေနိုင်တာကြောင့် အဲဒီ အစုအဖွဲ့မျိုးမှာတော့ ဂရုစိုက်ဖို့ လိုတယ်လို့ ဒေါက်တာယန်က ပြောပါတယ်။

နောက်ပြီး ထိုင်းအစိုးရဟာ ကိုဗစ်ကာကွယ်ဆေးတွေကို အခမဲ့ ဆက်လက် ထိုးနှံပေးတော့မှာ မဟုတ်ကြောင်း၊ ပုံမှန် ကျန်းမာရေး အခြေအနေ ရှိသူတွေဟာ အရင်က ကာကွယ်ဆေး ထိုးဖူးရင် ငွေကုန်ကြေးကျခံပြီး Booster ထပ်ထိုးဖို့ မလိုကြောင်းလည်း သူက ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံမှာ အခုနှစ်အတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၂၀၄၈၃ ဦးထိ အတည်ပြု တွေ့ရှိထားပြီး အသေအပျောက် ၁၃၂ ဦး ရှိခဲ့ပါတယ်။

Ref: Bangkok Post