လမိုင်းအခြေစိုက် ပရဟိတအဖွဲ့ဥက္ကဌအပါအဝင် ငါးဦးကို စစ်တပ်က ဖမ်းဆီးထား

Photo – လမိုင်းမြို့ လူငယ်ပရဟိတအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့

ဇွန်၊ ၅ 

မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့ လူငယ်ပရဟိတအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဌအပါအဝင် ငါးဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တပတ်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ မြို့ခံတွေထံမှ သိရပါတယ်။

တပ်က အရာရှိတဦးကို လူနာတင်ကားနဲ့ ပို့တဲ့အချိန် PDF တွေရဲ့ ဂိတ်ကို ဖြတ်သန်းသွားလာတဲ့အခါမှာ တပ်ကအရာရှိကို ဖမ်းလိုက်တယ်၊ ပြီးတော့ PDF အဖွဲ့က လာညှိပေးပြီး ပြန်လွှတ်လိုက်တယ်၊ အဲဒါဗျာ ဒီလို PDF တွေနဲ့ စကားပြောဆိုနေတာကို အဆက်အသွယ်လုပ် တယ်ဆိုပြီး ဖမ်းလိုက်တာပဲ သိရတာ၊ အခုထိ မလွတ်သေးဘူး လို့ ဖမ်းဆီးခံရတဲ့အဖွဲ့နဲ့ နီးစပ်တဲ့ မြို့ခံတဦးက DNA ကို ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့သူတွေက အဖွဲ့ဥက္ကဌ ဦးဝင်းအောင်အပါအဝင် ငါးဦးဖြစ်ပြီး သူတို့ကို ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ ခမရ- ၅၈၈ မှ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ခမရ – ၅၈၈ တပ်ရင်းမှ အရာရှိတဦးက ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ လမိုင်းဆေးရုံ ဆေးကုသမှုခံယူနေချိန် အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်လာတဲ့အတွက် လမိုင်းမြို့ လူငယ်ပရဟိတ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ ကားနဲ့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

လမ်းခုလတ်အရောက် ရေး-သံဖြူသံဇရပ်အဝေးပြေးကားလမ်းမပေါ်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စစ်ဆေးနေချိန် ယာဉ်ပေါ်ပါသူက စစ်ကောင်စီအရာရှိတဦးဖြစ်နေတာကြောင့် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ဖမ်းဆီးထားတဲ့ စစ်ကောင်စီအရာရှိ ပြန်လွှတ်ပေးဖို့ တရက်အကြာမှာ လူမှုကူညီရေးအဖွဲ့တွေက သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်ပြောကြားခဲ့ပြီး လူမှုကူညီရေးအဖွဲ့တွေ ဒုက္ခရောက်မှာ စိုးတဲ့အတွက် စစ်တပ်အရာရှိကို ပြန်လွှတ်ပေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပရဟိတအဖွဲ့ကလူတွေပဲ ပြန်ဆက်သွယ်လာတယ်၊ ပြန်လွှတ်ပေးဖို့တောင်းဆိုတာပေါ့၊ သူတို့ကိုလည်း ဒုက္ခမရောက်စေချင်လို့ ပြန်လွှတ်ပေးလိုက်တယ် လို့ ဒေသတွင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေက အခုလို လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေက အချင်းချင်းပတ်သက်ဆက်နွယ်မှု ရှိနေလို့ဆိုတဲ့ အကြောင်းပြချက်ပေးပြီး လူငယ်ပရဟိတအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အခုဖမ်းဆီးခံထားရတဲ့သူငါးဦးကို စစ်ကောင်စီလက်အောက်ခံ ခမရ ၅၈၈ တပ်ရင်းမှာ ထိန်းသိမ်းထားဆဲ ဖြစ်ပြီး တပတ်ကြာတဲ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ပြန်လွှတ်ပေးမယ်လို့ ထင်တာပဲ၊ သူတို့(စစ်တပ်)ကတော့ အသိပေးထားပါတယ်၊ ၅၈၈ မှာ စစ်ဆေးနေတုန်းပဲ ပြောတယ် လို့ အထက်ပါမြို့ခံက ပြောပါတယ်။

လက်ရှိ လမိုင်းမြို့ လူငယ်ပရဟိတအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတချို့က စစ်ကောင်စီတပ် အရာရှိပိုင်းနဲ့ ညှိနှိုင်းနေဆဲဖြစ်ပေမယ့် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးတာကြောင့် မိသားစုဝင်တွေ လည်း စိုးရိမ်မှု ရှိနေတယ်လို့ ဆိုပါတယ်။

အခုဖမ်းဆီးခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး လမိုင်းမြို့ လူငယ်ပရဟိတအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ကို DNA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်း မရှိသေးပါဘူး။

ဒီလိုမျိုးအဖွဲ့ဝင်ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လမိုင်းလူငယ်ပရဟိတအသင်းကို ရက်အကန့်အသတ် မရှိ (ယာယီ)ရပ်နားလိုက်ပြီးဖြစ်တယ်လို့ အဖွဲ့ရဲ့ Facebook စာမျက်နှာကနေ အခုလ ၃ ရက်နေ့မှာ အသိပေး ကြေညာထားပါတယ်။

လမိုင်းမြို့ လူငယ်ပရဟိတအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဒေသတွင်းရှိ လူနာတွေကို မော်လမြိုင် ဆေးရုံကြီးသို့ ပို့ဆောင်ပေးတာ၊ အရေးပေါ် လူနာတွေကို ကူညီပေးတာ၊ အောက်ဆီဂျင် ဖြန့်ဝေပေးတာ၊ သွေးလှူဒါန်းတာ၊ မီးငြိမ်းသတ်တာ အစရှိတဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တခုလည်း ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်အနှံ့အပြားမှာ လူမှုကူညီရေးပရဟိတအဖွဲ့များစွာ ကူညီကယ်ဆယ်ခွင့်ကန့်သတ်ခံရတာ၊ ဖမ်းဆီးခံရတာ၊ ခြိမ်းခြောက်ခံရတာ မှားယွင်းပစ်ခတ်ခံရတာတွေကြောင့် အဖွဲ့အများစုက ရပ်နားလိုက်ကြရပါတယ်။

ဒါပေမယ့် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခကြားမှာ မိမိအသက်အန္တရာယ်ကို မထောက်ထားဘဲ ဆက်လက်လုပ်ကိုင် နေကြတဲ့ အဖွဲ့တချို့သာ ကျန်ရှိနေပြီး အဲဒီထဲက လမိုင်းမြို့ လူငယ်ပရဟိတအရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့လည်း အပါအဝင်ဖြစ်ပါတယ်။

ဒီအဖွဲ့က လူငယ်လေးတွေ များတယ်၊ တော်တော်လုပ်ကြပါတယ်၊ ဒီလိုကာလ အဲဒီလမ်းတလျှောက် တိုက်ပွဲ ခဏခဏဖြစ်နေတာတောင် သူတို့က ပြည်သူအတွက် ကြည့်ပြီး လုပ်ပေးနေတာ၊ ဘယ်အစုအဖွဲ့ဘက်ကမှ မဟုတ်ဘူး၊ အခုတော့ ဒီလိုနားလိုက်တော့ ဘယ်သူဒုက္ခရောက်လဲ ပြည်သူတွေပဲလေ၊ ဒါကို အားလုံးက နာလည်ပေးစေချင်ပါတယ် လို့ ရေးမြို့ခံတဦးက ပြောပါတယ်။