ဇွန်၊ ၅
ဗုဒ္ဓရဲ့ သားတော်အဖြစ် ပြန်လည် ဝင်စားတယ်ဆိုတဲ့ ကလေးတစ်ဦးရဲ့ မိဘတွေကို ထိုင်းအာဏာပိုင်တွေက ခေါ်ယူဆွေးနွေးပြီး သားဖြစ်သူကို အသုံးချ ငွေရှာတာတွေ မလုပ်ဖို့ သတိပေးခဲ့ပါတယ်။
နွန်နိုက်စ်ဆိုတဲ့ ၈ နှစ်သား ကလေးငယ်ဟာ သူ့ကိုယ်သူ ဗုဒ္ဓဘုရားရှင်ရဲ့ ပြန်လည် ဝင်စားတဲ့ သားတော်လို့ ကြေညာပြီး အွန်လိုင်းကနေ ဟောပြောမှုတွေ၊ ကျင့်စဉ် ပို့ချမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ ကလေးက သူဟာ လူတွေနဲ့ စိတ်ချင်း ဆက်သွယ်နိုင်တဲ့ တန်ခိုးရှိပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့တောင် စိတ်နဲ့ အဆက်အသွယ်လုပ် စကားပြောနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
နွန်ရဲ့ စကားကို ယုံကြည်သူတွေ ရှိသလို သူ့ရဲ့ ကျင့်စဉ် ပို့ချမှု သင်တန်းကို တက်ရောက်ပြီးတဲ့နောက် လူလိမ်လို့ စွပ်စွဲတာတွေလည်း ထွက်ပေါ်လာပါတယ်။
ကလေးတစ်ယောက်က ဗုဒ္ဓရဲ့ သားတော်အဖြစ် ပြန်ဝင်စားတယ်ဆိုတဲ့ သတင်းဟာ ပြည်တွင်းမှာ အကြီးအကျယ် ဂယက်ထခဲ့ပြီး ထိထိရောက်ရောက် စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ နာမည်ကျော် လူသိများတွေကပါ ထိုင်းဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေ၊ သံဃာ့ အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်တွေဆီ စာပို့ တိုင်ကြားခဲ့ပါတယ်။
အခု သီတင်းပတ်ထဲမှာတော့ ထိုင်းအစိုးရရဲ့ ကလေးနဲ့ လူငယ်ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် အေပင်ညာ ချောင်ပူမက်စ်က နွန်ကိုရော၊ မိဘတွေကိုပါ ထိုင်းလူမှုဖွံ့ဖြိုးရေးနဲ့ လူသားရေးရာ လုံခြုံရေး ဝန်ကြီးဌာနမှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။ အေပင်ညာက နွန်ရဲ့ ဝက်ဘ်ဆိုက်နဲ့ ဘလော့ဂ်တွေကို ကိုင်တွယ်နေသူတွေရော၊ ကလေးကိုယ်တိုင်ပါ အခုအခြေအနေတွေကြောင့် ပြဿနာ တက်လာနိုင်တာကို တိတိကျကျ သတိပေးခဲ့ပါတယ်။
ဒါ့အပြင် ကလေးကို လွတ်လွတ်လပ်လပ်နဲ့ ဖိအားကင်းကင်း ကြီးပြင်းလာအောင် ပျိုးထောင်ပေးဖို့ အရေးကြီးကြောင်း မိဘတွေနဲ့ ဆွေးနွေးခဲ့ပြီး နွန်ကို အကြောင်းပြု ငွေရှာတာတွေ မလုပ်ဖို့လည်း ပြောကြားခဲ့ပါတယ်။ မိဘတွေက အဲဒီအချက်တွေကို လက်ခံခဲ့ကြောင်းနဲ့ သူတို့ဟာ လူအများ စွပ်စွဲတာ ခံနေရသလို ဘာသာရေးဂိုဏ်းတစ်ခု ထူထောင်ဖို့ ကြိုးကိုင်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုသွားကြောင်း အေပင်ညာက ဆက်ပြောပါတယ်။
နွန်တို့ မိသားစုဟာ အခုကိစ္စကို အကြောင်းပြုပြီး အာဏာပိုင်တွေဆီက စိတ်ကျန်းမာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကိုလည်း ခံခဲ့ရပြီး ပုံမှန် အခြေအနေအတိုင်း ရှိခဲ့တယ်လို့ အေပင်ညာက ဆိုပါတယ်။ ဆူရက်ဌာနီမှာ နေထိုင်တဲ့ မိသားစုမှာ မိဘနှစ်ဦးက နွန်မှာ တန်ခိုးရှိတယ်ဆိုပြီး အဓိက သတင်းဖြန့်သူတွေလို့ လူမှုကွန်ရက်မှာ ဒေါသတကြီး ဝေဖန် စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။
မေလ ၄ ရက်နေ့က နွန်တို့ မိသားစုနဲ့ တွေ့ဆုံချိန်မှာတော့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာ တည်တည်ငြိမ်ငြိမ် ရှိနေသလို ကိစ္စတိုင်းကို သက်တောင့်သက်သာ ဆွေးနွေးခဲ့ကြတယ်လို့ အေပင်ညာက ဆိုပါတယ်။ ကလေးရဲ့ မိဘတွေက ဝန်ကြီး ဗာရာဝတ် ဆီလ်ပါ-အာချာနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ခဲ့ပေမယ့် ဝန်ကြီးက အစည်းအဝေး တက်နေလို့ မအားလပ်ခဲ့ကြောင်း သူက ရှင်းပြခဲ့ပါတယ်။
အခုအချိန်မှာတော့ ဗုဒ္ဓရဲ့သားတော် ပြန်လည် ဝင်စားတယ် ဆိုတာမျိုး နွန်ကို အသုံးမချဖို့ မိသားစုဖက်က သဘောတူညီမှု ရရှိထားသလို အာဏာပိုင်တွေကလည်း ကလေးရဲ့ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးကို အကာအကွယ် ပေးသွားဖို့ ရည်ရွယ်ကြောင်း အေပင်ညာက သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။
Ref: Bangkok Post