စစ်ကောင်စီကိုဒဏ်ခတ်ပိတ်ဆို့တာ၊ပြစ်တင်ရှုတ်ချတာတွေလုပ်ရုံနဲ့မလုံလောက်တော့ဘူးလို့ NUG သမ္မတပြော

Photo – NUG

ဇွန်၊ ၄

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီကိုအသက်ရှုကျပ်စေနိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်တာ၊ ပြစ် တင်ရှုတ်ချတာတွေလုပ်နေရုံနဲ့မလုံလောက်တော့ဘဲ မြန်မာပြည်သူတွေဘက်က ပြတ်ပြတ်သားသား ရပ်တည် ကြဖို့လိုအပ်နေပြီလို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ဒီကနေ့ပြောလိုက်ပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ဟန့်တားနိုင်တဲ့လုပ်ဆောင် ချက် တွေ အလျင်အမြန်လုပ်ဆောင်ဖို့လိုအပ်ပါတယ်”လို့ ဒီကနေ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ သူကပြောပါ တယ်။

စစ်ရေးအရရှုံးနိမ့်လာတာနဲ့အမျှ အရပ်ဘက်၊စစ်ဘက် ပစ်မှတ်တွေမခွဲခြားတော့တဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးလုပ်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက သိနားလည် လာအောင် တွန်းတွန်းတိုက်တိုက်အသိပေးကြဖို့လည်း ယာယီသမ္မတက NUG အစိုးရအဖွဲ့ဝင်တွေကို တိုက်တွန်း ပါတယ်။

“ကုလသမဂ္ဂအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊တရုတ်၊ထိုင်းနိုင်ငံတို့အနေနဲ့ လည်း ပြည်သူလူထုရဲ့ ဘေးဒုက္ခကို ခြေခြေမြစ်မြစ်နားလည်သဘောပေါက်ပြီးထိထိရောက်ရောက်ဖြစ်အောင် ကူညီလုပ်ဆောင်နေမယ်လို့မျှော်လင့်ရပါတယ်” လို့ သူက ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ဗျိုင်းဖြူရွာမှာ စစ်ကောင်စီတပ်က ကျူးလွန်ခဲ့တဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ် သက်လို့လည်း ဒီကနေ့ အစိုးရဖွဲ့အစည်းအဝေးမိန့်ခွန်းမှာ ယာယီသမ္မတက ဝမ်းနည်းစရာဖြစ်ရပ်လို့ ထည့်သွင်း ပြောဆိုပါတယ်။

“ကျွန်တော်တို့အားလုံးဟာ ခုခံတော်လှန်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်တဲ့အခါ လူသားဆန်စွာနဲ့ စစ်ရေးကျင့် ဝတ်တွေကို လေးစားလိုက်နာပြီး ရှေ့တိုးလုပ်ဆောင်နေတာဖြစ်ပေမယ့် စစ်ကောင်စီကတော့ စစ်ရေးကျင့်ဝတ်ဆို တာကို စာရင်းထဲမှာတောင်ထည့်မထားပါဘူး”လို့ ယာယီသမ္မတကဝေဖန်ပါတယ်။

စစ်တွေမြို့နဲ့ တမိုင်လောက်သာဝေးပြီး အိမ်ခြေနှစ်ထောင်လောက်ရှိတဲ့ ဗျိုင်းဖြူရွာကို စစ်ကောင်စီက အင်အား ၁၇၀ ဝန်းကျင်ပါစစ်ကြောင်းတခုနဲ့ မေလကုန်ပိုင်းက ရက်ပိုင်းကြာ စီးနင်းဖမ်းဆီးမှုတွေလုပ်ခဲ့ရာမှာ ဒီကနေ့အထိ ရရှိတဲ့စာရင်းတွေအရ သတ်ဖြတ်ခံရသူ ၇၆ ဦးအထိရှိပြီလို့ အာရက္ခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ခုနှစ်ကနေ အခုနှစ်ဆန်းပိုင်းအထိ အာဏာ သိမ်းစစ်တပ်က လူငါးဦးထက်ပိုတဲ့ အစုအပြုံလိုက်သတ်ဖြတ်မှု ၂၁၀ မှုအထိကျူးလွန်ခဲ့ပြီး ဒီဖြစ်စဉ်တွေအတွင်း လူဦးရေ ၂၁၀၀ နီးပါးသေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။

လတ်တလောမှာလည်း စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသတ်ဖြတ်မှုအပြင် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောရွာ မှာ မင်္ဂလာပွဲကျင်းပတာကြောင့် ဒေသခံတွေအပါအဝင် လူစုလူဝေးရှိနေချိန် စစ်ကောင်စီကဗုံးကြဲချတာကြောင့် သေဆုံးသူ သုံးဆယ်နီးပါးအထိ ရှိတယ်လို့ ဒေသခံတွေကပြောထားပါတယ်။

တော်လှန်ရေး အင်အားစုအားလုံးအနေနဲ့ “မိမိကိုယ်ကို အားကိုးရေးမူ”ကို ကိုင်စွဲထားရမှာဖြစ်သလို ဒေသ တွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လူသားချင်းစာနာထောက်ထားမှုစိတ်အခံကို နိုးကြွစေအောင် သိုင်းဝိုင်းထားဖို့လည်း လို တယ်လို့ သမ္မတ ဒူဝါလရှီးလက ဆက်ပြောပါတယ်။

အဲ့ဒီလိုဆောင်ရွက်မှသာ လူထုအနေနဲ့ စစ်ကောင်စီရဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကနေ သက်သာရာရမယ် လို့လည်း ဆိုပါတယ်။