အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးပြော

ဇွန်၊ ၄

ခါးသီးရန်ဘက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ အီရန်ရဲ့ ယာယီ နိုင်ငံခြားရေး ဝန်ကြီးက အတည်ပြု ပြောကြားခဲ့ပါတယ်။

အလီ ဘက်ဟီရီဟာ ပြီးခဲ့တဲ့လတုန်းက ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးသွားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဟိုဆိန် အမီရက်ဒိုလာဟီယန်ရဲ့ နေရာမှာ အစားထိုး တာဝန်ယူနေတာပါ။ သူက ပင်လယ်ကွေ့ ဒေသတွင်း အိမ်နီးချင်း နိုင်ငံရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် အမေရိကန်နဲ့ အီရန် ကိုယ်စားလှယ်တွေကြား တွေ့ဆုံမှုတွေ ရှိနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့က သတင်းစာ ရှင်းလင်းပွဲ တခုမှာ ဘက်ဟီရီကို သတင်းထောက်တွေက အမေရိကန်နဲ့ ဆက်ဆံရေးအကြောင်း မေးမြန်းတဲ့အခါ ဝန်ကြီးက စေ့စပ် ဆွေးနွေးမှုတွေ အမြဲတမ်း ရှိနေပြီး ဘယ်တုန်းကမှ မရပ်ခဲ့ကြောင်း ဖြေကြားသွားပါတယ်။

၁၉၇၉ ခုနှစ်၊ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အပြီးကတည်းက အဲဒီနှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး အဆုံးသတ်ခဲ့သလို ခါးသီးတဲ့ ရန်ဘက်တွေအသွင် ရပ်တည်လာခဲ့ကြပါတယ်။

ဗြိတိန်ထုတ် Financial Times သတင်းစာက အဲဒီတုန်းက နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ယူထားသူ ဘက်ဟီရီဟာ နှစ်ဆန်းပိုင်းမှာ အိုမန်ကို သွားရောက်ပြီး အမေရိကန် အရာရှိတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြဖူးပါတယ်။

ဘက်ဟီရီဟာ အစ္စရေးနဲ့ ဟားမားစ်ကြား ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲကြောင့် ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာတဲ့အပေါ် အဖြေရှာဖို့ အမေရိကန်နဲ့ ညှိနှိုင်းမှုတွေ ရှိခဲ့တယ်လို့ အဲဒီသတင်းစာက ဆိုပါတယ်။ ဒါပေမဲ့ အီရန်ရော၊ အမေရိကန်ကပါ အဲဒီကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

အမေရိကန်ဟာ အစ္စရေးကို စစ်လက်နက်တွေ အဓိက ထောက်ပံ့တဲ့ အနီးစပ်ဆုံး မဟာမိတ်အဖြစ် ရပ်တည်နေပြီး အီရန်ကတော့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်အတွက် အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံ ဖြစ်ပါတယ်။

Ref: AFP