ထိုင်းရဲ့ အလိုအရှိဆုံး ဝရမ်းပြေးတဦးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ဖမ်းဆီးရမိ

ဇွန်၊ ၃

ထိုင်းနိုင်ငံက အလိုအရှိဆုံး ရာဇဝတ်သား ဝရမ်းပြေး တယောက်ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ချောင်ဝါလစ် သောင်ဒူအန်းကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဘာလီကျွန်းမှာ ဖမ်းဆီးရမိခဲ့တာလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဇွန်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှား ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အေဂျင်စီ အကြီးအကဲ ဝါဟာယူ ဝီဒါဒါက ထိုင်းရဲတပ်ဖွဲ့ဟာ ပြစ်မှုပေါင်းစုံ ကျူးလွန်ထားတဲ့ ဝရမ်းပြေး ချောင်ဝါလစ်က အင်ဒိုနီးရှားမှာ ခိုလှုံနေတယ်လို့ ယုံကြည်ရတဲ့အတွက် ကူညီ ရှာဖွေပေးစေလိုကြောင်း အကြောင်းကြားထားခဲ့တာလို့ ပြောပါတယ်။

ချောင်ဝါလစ်ဟာ လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေ အပါအဝင် စွပ်စွဲချက် မျိုးစုံနဲ့ ကြုံနေရတဲ့အချိန် မနှစ်တုန်းက အချုပ်အနှောင်ကနေ ထွက်ပြေး လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ၁၇ နာရီကြာ ကူးတို့ အမြန်ရေယာဉ်စီး ခရီးနှင်ပြီး မနှစ်က ဒီဇင်ဘာလထဲမှာ အင်ဒိုနီးရှားကို ဝင်ရောက်လာတာလို့ ဝါဟာယူက ဆိုပါတယ်။

ချောင်ဝါလစ်ဆီကနေ ပတ်စ်ပို့တ် အတု၊ မွေးစာရင်း အတုတွေကိုလည်း သိမ်းဆည်း ရမိခဲ့ပြီး သူဟာ ဘာလီကျွန်းမှာ ဆူလိုင်မန်ဆိုတဲ့ နာမည်နဲ့ နေထိုင်နေတာလို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ချောင်ဝါလစ်က အင်ဒိုနီးရှားမှာ ဘဏ်စာရင်း အတုတခုပါ ဖွင့်လှစ်ထားပါတယ်။

ချောင်ဝါလစ်ဟာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားသူဖြစ်ပြီး ဆေးရုံတက်နေချိန် အတောအတွင်း ထိုင်းတောင်ပိုင်း နက်ခွန်ဆီ သာမာရတ် ဒေသကနေ ထွက်ပြေးသွားခဲ့တာပါ။

သူဟာ ၂၀၁၉ တုန်းက ကျူးလွန်ခဲ့တဲ့ လူသတ်မှု တခုအတွက် မျက်ကွယ်မှာ ထောင်ဒဏ်တသက် ချမှတ် ခံထားရတယ်လို့လည်း Bangkok Post သတင်းစာက ဖော်ပြဖူးပါတယ်။

သူ့ကို ပြန်ဖမ်းမိဖို့ ထိုင်းရဲတပ်ဖွဲ့ဟာ အင်အား ရာနဲ့ချီ ဖြန့်ကျက် အသုံးပြုခဲ့သလို စစ်ဆင်ရေးစရိတ် ဘတ် ၁၀ သန်းလောက်ထိ သုံးစွဲခဲ့ဖူးပါတယ်။

အခုတော့ အင်ဒိုနီးရှား ရဲတွေက သူ့ကို ဖမ်းမိခဲ့တာဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှာ ထိုင်းနိုင်ငံဆီ ပြန်လည် လွှဲပေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Ref: CNA