Photo CINCDS
ဇွန်၊ ၁
အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားတဲ့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လူနေရွာတွေထဲ လေကြောင်းဗုံးကြဲလို့ အမျိုး သမီး၊ ကလေးငယ်အပါအ၀င် သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၁ ရက် မနက် ဆယ်နာရီ၀န်းကျင်မှာ ပေါက်တောမြို့နယ် သံခုံ၊ တောင်ဦးမော်၊ ကြိမ်ခွေမော် (ပိုက်ဆိပ်)ရွာနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရွာတို့ကို စစ်ကောင်စီတပ်ရဲ့ Y 12 လေယာဉ်တစီးက ဗုံးကြဲခဲ့တာလို့ အာရက္ခတပ်တော် AA ကလည်းထုတ်ပြန်ထားပါတယ်။
အဲဒီလေကြောင်းဗုံးကြဲမှုကြောင့် ယိုးတရုတ်ရွာက ကျောင်းဆရာမတဦး၊ ကလေးငယ်တဦးအပါအ၀င် သုံးဦး သေဆုံးပြီး အများအပြား ဒဏ်ရာကာ ကြိမ်ခွေမော်ရွာမှ အမျိုးသားနှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ရွာခံတွေက DNA ကို ပြောပါတယ်။
ဒါ့အပြင် တချိန်တည်းမှာပဲ ပေါက်တောမြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း ဗုံးကြဲခဲ့တာပါ။
“ဘာတိုက်ပွဲမှလည်း မရှိတော့ဘူး၊ အေအေလည်းမရှိဘူး၊ ရွာထဲကို တမင်ကြဲချတာ၊ အလုံး တဆယ်ကျော်လောက် ပစ်ခဲ့တယ်၊ ပတ်လည်း အများကြီး ပတ်နေခဲ့တယ်”လို့ ပေါက်တောဒေသခံတဦးက ပြောပါတယ်။
အာရက္ခတပ်တော်ရဲ့ထုတ်ပြန်ချက်မှာတော့စစ်ကောင်စီရဲ့ဒီကနေ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့်အရပ်သားတချို့ သေဆုံးထိခိုက်မှုတွေရှိပြီးအသေးသိတ်အတည်ပြုပြီးရင်ဆက်လက်ထုတ်ပြန်မယ်လို့ဆိုထားပါတယ်။
AA ရဲ့ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်အတွင်းက မြိုနယ်ထက်၀က်ကျော်ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ သူတို့လက်လွှတ်ထားရတဲ့ မြို့ နယ်တွေအတွင်းရှိ အရပ်ဖက်နေရာတွေဖြစ်တဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံစတာတွေကို လေကြောင်းကနေ ပစ်ခတ်မှုတွေ မကြာခဏလုပ်နေတာပါ။
ရခိုင်ဒေသတ်ိုက်ပွဲတွေ စခဲ့တဲ့ ၂၀၂၃ နို၀င်ဘာ ၁၃ ကနေ အခုနှစ် မေလ ၁၃ ရက်အထိ ခြောက်လတာအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၂၆၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၄၀ ဦး ရှိခဲ့တယ်လို့ AA ရဲ့စာရင်းမှာ ဖော်ပြထားပါတယ်။
ပုံစာ – စစ်ရေးလေ့ကျင့်မှုအတွင်း တွေ့ရတဲ့ တဲ့ စစ်တပ်တိုက်လေယာဥ်နှစ်စီး