လူမိုက်ဂိုဏ်းဆန်တဲ့ တောင်ကိုရီးယား အစိုးရကို သတိပေးဖို့ ဒုံးကျည်တွေ အတွဲလိုက် ပစ်ခတ်ခဲ့တာလို့ မြောက်ကိုရီးယားဆို

ဂျွန် ၊ ၁

လူမိုက်ဂိုဏ်းဆန်ဆန် ပြုမူကျင့်ကြံနေတဲ့ ရန်သူ တောင်ကိုရီးယား အစိုးရကို သတိပေးတဲ့ အနေနဲ့ ဒုံးကျည်တွေ ဒါဇင်နဲ့ချီ တပြိုင်တည်း စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

မေလ ၃၁ ရက်နေ့ ကြေညာချက်မှာတော့ အဲဒီလို ဒုံးကျည်တွေ တပြိုင်တည်း အတွဲလိုက် ပစ်ခတ်တာဟာ လူမိုက်ဂိုဏ်းလို စည်းမဲ့ဘောင်မဲ့ ပြုမူ ကျင့်ကြံနေတဲ့ တောင်ကိုရီးယားကို လိုအပ်လာရင် လက်ဦးမှုယူပြီး တိုက်ခိုက်ဖို့ ကြိုတင် ပြင်ဆင် လေ့ကျင့်တဲ့ သဘော ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တနေရာတည်းကနေ ဒုံးကျည်တွေ အတန်းလိုက် ကောင်းကင်ယံကို ထိုးတက်လာတဲ့ ဓာတ်ပုံကိုလည်း KCNAက ပြသခဲ့ပါတယ်။

၆၀၀ မမ အကြီးစား ဒုံးကျည်ပစ်စင်တွေ လက်တွေ့ စမ်းသပ် ပစ်ခတ်မှုကို နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ဦးစီး ကြပ်မတ်ခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။

တောင်ကိုရီးယား စစ်တပ်ကတော့ အနည်းဆုံး ဒုံးကျည် ၁၀ စင်းလောက်ကို ဂျပန်ပင်လယ်ဖက် မြောက်ကိုရီးယားက ပစ်ခတ်ခဲ့တာကို ထောက်လှမ်းမိခဲ့ကြောင်း ကြေညာပါတယ်။ ဒါဟာ ရုရှားလိုမျိုး လက်နက်ဝယ်ယူလိုတဲ့ နိုင်ငံတွေကို သရုပ်ပြတဲ့ လုပ်ရပ်တခု ဖြစ်နိုင်တယ်လို့လည်း တောင်ကိုရီးယားက ခန့်မှန်းထားပါတယ်။

မြောက်ကိုရီးယားဟာ အာကာသထဲကို ဂြိုဟ်တု လွှတ်တင်မယ့် အစီအမံတရပ် ချွတ်ချော် ပျက်စီးသွားတဲ့နောက် ရက်ပိုင်းအတွင်း အခုလိုမျိုး ဒုံးကျည်တွေ အစုလိုက် ပစ်ခတ်ပြခဲ့တာ ဖြစ်ပါတယ်။

KCNAက ထုတ်ပြန် ပြသတဲ့ ဓာတ်ပုံတွေအရ မြောက်ကိုရီးယား လွှတ်တင်ခဲ့တဲ့ ဒုံးကျည် ၁၈ စင်းဟာ KN-25 အမျိုးအစားတွေလို့ လက်နက် ပါရဂူတွေက မှတ်ချက် ပေးထားပါတယ်။ မြောက်ကိုရီးယားက အဲဒီ ဒုံးကျည် အမျိုးအစားတွေဟာ နျူကလီးယား ထိပ်ဖူးတွေပါ တပ်ဆင်နိုင်တယ်လို့ ကြွေးကြော်ထားပါတယ်။

Ref: AP